စက်တင်ဘာ၊၁၄
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ဘက်ကနေ ကောင်ဂျာရွာယန်ဘက် စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်အုပ်စုတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းအဖွဲ့က တိုက်ခိုက်ပြီးနောက် စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
မနေ့က စက်တင်ဘာလ ၁၃ ရက်နေ့ မနက်အစောပိုင်းက အင်အား ၁၀၀ ဝန်းကျင်ပါ စစ်အုပ်စု စစ်ကြောင်းဟာ မံစီမြို့အနီး ကောင်ဂျာယန်ရွာဘက် ဝင်ရောက်လာတဲ့အချိန် KIA ပူးပေါင်းအဖွဲ့ကနေ တိုက်ခိုက်လိုက်တာကြောင့် ပြန်လည်ဆုတ်ခွာသွားတာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က သေဆုံးတာတွေရှိတယ်လို့တော့ ကြားသိရပေမဲ့ အတိအကျမသိရှိရသေးဘူးလို့ KIO/KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“မနေ့ကမနက် အစောပိုင်းကနေ မံစီအနီးက ကောင်ဂျာရွာမှာ စစ်အင်အား ၁၀၀ ဝန်းကျင် ဝင်ရောက်လာတာ ရှိတယ်။ ဗန်းမော်ကနေ ဝင်လာကြတာ။ ဗန်းမော် ခလရ ၄၇ ကနေလားတော့ မသိဘူး။ အဲဒါကို KIAပူးပေါင်းတပ်ဖွဲ့ကနေ ပြန်စောင့်ကြိုတိုက်ခိုက်ပြီး နောက်ဆုတ်သွားကြတယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
KIO/KIA သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ သတင်းမှာတော့ ခလရ ၄၇ တပ်စခန်းကလို့ ယူဆရတဲ့ စစ်အုပ်စုစစ်ကြောင်းဟာ ကောင်ဂျာယန်ရွာက ဟိန်းအောင်ဆီပန့်ဆိုင်ဘက် စစ်ကြောင်းထိုးလာတာကို KIA ပူးပေါင်းအဖွဲ့က စောင့်ကြိုတိုက်ခိုက်တဲ့အချိန် စစ်အုပ်စုတပ်ဘက် ထိခိုက်သေဆုံးမှုများပြီး လက်နက်၊ကျည် အများပြားလည်း သိမ်းဆည်းရမိတာ ရှိတယ်လို့ ဖော်ပြပါတယ်။ သေဆုံးသူအတိအကျကိုတော့ ပြောမထားပါဘူး။
စစ်အုပ်စုတပ်သားတွေကနေ ကမ္ဘနီရွာဘက် တပ်ဆုတ်ခွာပြီး နားနေချိန် KIA ပူးပေါင်းအဖွဲ့ကနေ ထပ်မံတိုက်ခိုက်ခဲ့ပြီး ဒီကနေ့မနက် အထက်ပါနေရာကို ပြန်လည်သွားကြည့်ချိန် စစ်သားတွေ အကုန်ထွက်ပြေးသွားကြပြီလို့ ဆိုပါတယ်။
အထက်ပါ စစ်သားတွေဟာ ဗန်းမော်မြို့ဘက် ပြန်လည်ဝင်ရောက်သွားတာ ဖြစ်နိုင်တယ်လို့လည်း သိရှိရပါတယ်။
ဒါ့အပြင် KIA တပ်ရင်း ၁၂ နယ်မြေအတွင်းကိုလည်း စစ်အုပ်စုတပ်က လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက် နေတဲ့အပြင် နှစ်ဖက်တပ် လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့လည်း သိရှိရပါတယ်။
ခုရက်ပိုင်းအတွင်းက ရေလမ်းကြောင်းကနေ တက်လာတဲ့ စစ်အုပ်တပ် သင်္ဘောတွေကို KIA ပူးပေါင်းအဖွဲ့ကနေ တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုအတွင်း သင်္ဘောအချို့ အထိနာတာရှိသလို KIA အဖွဲ့က စစ်အုပ်စုရဲ့ သုံ့ပန်းတွေကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။
ဗန်းမော်မြို့မှာရှိတဲ့ စစ်တပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့တွေကနေ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ဗန်းတွင်းနေရာအချို့မှာ နှစ်ဖက်တပ် စစ်ရေးတင်းမာနေဆဲလည်း ဖြစ်ပါတယ်။






