စစ်အုပ်စုရဲ့ သင်္ဘော ၂၀ ဝန်းကျင်ကို KIA ပူးပေါင်းတပ်ဖွဲ့တွေ ဖျက်ဆီးနိုင်ခဲ့

1

 

စက်တင်ဘာ၊၁၇

ဗန်းမော်မြို့ကို ဆန်တက်လာတဲ့ စစ်အုပ်စုရဲ့ စစ်သင်္ဘောအုပ်စုတွေထဲက သင်္ဘော ၂၀ ဝန်းကျင်ကို KIA ပူးပေါင်းတပ်ဖွဲ့တွေက ဖျက်ဆီးနိုင်ခဲ့တယ်လို့ KIO/ KIA သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ သတင်းအစီအစဉ်မှာ ဖော်ပြပါတယ်။

စစ်အုပ်စုအနေနဲ့ ဗန်းမော်မြို့ကို စစ်အင်အား၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ ဖြည့်တင်းဖို့ ဩဂုတ်လတတိယအပတ်မှာ ရေယာဉ်/သင်္ဘော ၁၅ စီးကို ပထမအကြိမ် စေလွှတ်ခဲ့ပြီး စက်တင်ဘာလဆန်းမှာ ၃၁ စီးကို ဒုတိယကြိမ်အနေနဲ့ စေလွှတ်ခဲ့တာပါ။

အဲဒီသဘော်တွေကို ကသာ၊ ရွှေကူနဲ့ ဗန်းမော်ကြားမှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တားဆီး တိုက်ခိုက်နေပြီး ရက်ပေါင်း ၂၀ လောက်အတွင်း စစ်အုပ်စုရဲ့ ရေယာဉ်/သင်္ဘော အစီး ၂၀ ဝန်းကျင်လောက် ဖျက်ဆီးခံခဲ့ရတာလည်း ဖြစ်ပါတယ်။

စစ်အုပ်စုရဲ့ ရေယာဉ်တွေထဲမှာ ဖလက်သင်္ဘော၊ တွန်းသင်္ဘော၊ စစ်သင်္ဘော၊ ကုန်တင်သင်္ဘော၊ သံဗ္ဗန်ခွန် စတဲ့ ရေယာဉ်/သင်္ဘော အမျိုးအစားတွေပါဝင်ပြီး ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရပြီးတော့ မီးလောင်(သို့) နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။

ပထမအသုတ်အနေနဲ့ ဩဂုတ်လ ၂၁ နေ့က ဆန်တက်လာခဲ့တဲ့ သင်္ဘော ၁၅ စီးဟာ ဆန်တက်လာချိန်နဲ့ ပြန်စုန်ဆင်းချိန်မှာ အားလုံးနီးပါး တိုက်ခိုက်ဖျက်ဆီးခံလိုက်ရတာပါ။

ဩဂုတ်လ ၂၈ ရက်နေ့ကနေ စက်တင်ဘာလ ၂ ရက်နေ့အတွင်း ရွှေကူကနေ ဗန်းမော်ကို ဆန်တက်လာတဲ့ အထက်ပါ သင်္ဘော ၁၅ စင်းထဲက ၈ စီး လောက်ဟာ KIA ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်တာခံလိုက်ပြီး ကျန် ၇ စီးကတော ဗန်းမော်မြို့ကို ရောက်ရှိခဲ့ပါတယ်။

အဲဒီ ၇ စီး ပြန်လည်စုန်ဆင်းချိန်မှာလည်း ထပ်မံတိုက်ခိုက်နေပြီး မနေ့စက်တင်ဘာလ ၁၆ ရက်နေ့မှာက စင်းခန်းတံတားနဲ့ ဇင်းဘုံအနီးတွေမှာ KIA ပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ခံရတာကြောင့် ၄ စီးနစ်မြုပ်သွားခဲ့ရတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့မှာလည်း ဗန်းမော်က ပြန်လည်စုန်ဆင်းလာတဲ့ သင်္ဘော ၃ စီး တိုက်ခိုက်ခံရပြီး နှစ်စီး မီးလောင်ပျက်စီးသွားသလို နောက်တစ်စီးကတော့ ရေနစ်မြုပ်သွားတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၁၄ ရက်နေ့မှာလည်း ဗန်းမော်မြို့မှ စုန်ဆင်းလာတဲ့ စစ်သင်္ဘော ၁ စီးကို KIA ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲဲ့တာကြောင့် နစ်မြုပ်သွားခဲ့တယ်လို့ သိရပါတယ်။

ပြန်လည်စုန်ဆင်းလာတဲ့ သင်္ဘောအရေအတွက်ကိုတော့ အတိအကျပြောလို့မရပါဘူး။ ဗန်းမော်ကိုရောက်ခဲ့တဲ့ ၇ စီးအပြင် အရင်ကတည်းက ရှိနေတဲ့ သင်္ဘောတွေပါ ပြန်လည်စုန်ဆင်းတယ်လို့ ကြားသိရတာကြောင့် စုန်ဆင်းချိန် တိုက်ခိုက်ဖျက်ဆီးခံရတဲ့ သင်္ဘောဟာ အနည်းဆုံး ၇ စီးလောက်အထိ ရှိနေတာလည်း ဖြစ်ပါတယ်။

စစ်အုပ်စု သင်္ဘောတွေဟာ တွဲသင်္ဘော၊ တွန်းသင်္ဘော၊ သဗ္ဗန်လှေ စသဖြင့် စုံလင်တာကြောင့် ပျက်စီးမှုအရေအတွက် ကွဲလွဲမှုတွေရှိနိုင်ပြီး အတိအကျ ပြောဆိုဖို့ခက်တယ်လို့လည်း KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ရှင်းပြပါတယ်။ ဥပမာ-တွဲသင်္ဘော တွန်းသင်္ဘောတွေဆိုရင် ရှေ့တန်းရဲဘော်တွေကနေ တစ်စီးအဖြစ်သတ်မှတ်လား၊ နှစ်စီးအဖြစ်သတ်မှတ်သလားဆိုတာ မသိရဘူးလို့ ဆိုပါတယ်။

စက်တင်ဘာ လဆန်းပိုင်းက ထပ်မံဆန်တက်လာခဲ့တဲ့ ၃၁ စီးထဲက ၃ စီးဟာလည်း ရွှေကူကိုရောက်ရှိပြီး ဗန်းမော်ကိုဆက်လက်ဆန်တက်ချိန် မနေ့စက်တင်ဘာလ ၁၆ ရက်နေ့ က ပစ်ခတ်ခံရပြီး ၁ စီးပျက်စီးခဲ့သလို ၂ စီးကတော့ ရွှေကူကိုလှည့်ပြန်ခဲ့ရပါတယ်။

စက်တင်ဘာလ ၈ ရက်နေ့မှာ ကသာဆိပ်ကမ်းမှာ ကမ်းကပ်ထားတဲ့ သင်္ဘော ၂ စီးကို KIA ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးတာကြောင့် မီးလောင်ပျက်စီးသွားတယ်လို့လည်း သိရပါတယ်။

စစ်ရေးအရအရေးပါတဲ့ ဗန်းမော်မြို့က လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့က KIA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်နေတာ အခုဆိုရင် ၂ နှစ်နီးပါး ရှိလာပြီဖြစ်ပါတယ်။

လတ်တလောမှာ ဇင်းဘုံ၊ စင်းခန်း၊ ဗန်းမော်မြို့နယ်တစ်ဝိုက်နဲ့ ဧရာဝတီမြစ်ရိုးတစ်လျှောက်မှာ နေ့စဉ်ရက်ဆက် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေရှိနေပြီး မြေပြင်မှာလည်း တိုက်ပွဲပြင်းထန်နေပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here