ဗန်းမော်နဲ့ မိုးမောက်မြို့နယ်ကြားက ကျေးရွာတွေမှာ ငှက်ဖျားနဲ့ တုပ်ကွေးအဖြစ်များနေ

1

 

စက်တင်ဘာ၊၁၇

ဗန်းမော်နဲ့ မိုးမောက်မြို့နယ်ကြားက ကျေးရွာတွေမှာ ငှက်ဖျားနဲ့ တုပ်ကွေးအဖြစ်များနေပြီး ဆေးဝါး အခက်အခဲဖြစ်နေကြပါတယ်။

မိုးစဝင်လာချိန်ကနေ ငှက်ဖျားအဖြစ်များကြတာဖြစ်ပြီးတော့ လတ်တလောမှာလည်း အချင်းချင်း အဖျားကူးစက်ပြီး အားလုံးနီးပါး ဖျားနာကြသလို ဆေးဝါးခက်ခဲနေတယ်လို့ ဒေသခံတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“ငှက်ဖျားတွေလည်းအဖြစ်များပြီး ရွာကရှိတဲ့ဆရာမတွေမှာလည်း ဆေးဝါး မလုံလောက် ကြပါဘူး။ ကားလမ်းတကြောနေတဲ့ Camp တွေတော့ အားကိုးစရာ ဆေးခန်းတွေ ရှိကြသေးတယ်။ တခြားဘက်ကကျေးရွာတွေဆို စားဖို့တောင် အနိုင်နိုင် ဖြစ်နေကြတဲ့အထဲ ကျန်းမာရေးမကောင်းလို့ ဆေးခန်းပြ အရမ်းခက်ခဲကြတယ်။ သွားရေးလာရေးလဲခက်ခဲတော့ ရွာမှာရှိထားတဲ့ ဆရာမကိုပဲ အားကိုးပြီး နေရတယ်။” လို့ဆိုပါတယ်။

ဗန်းမော်နဲ့ မိုးမောက်မြို့နယ်ကြားက ကျေးရွာတွေနဲ့ ကျွန်းဘက်က ကျေးရွာတွေမှာ ဆေးဆရာမ တွေဆီမှာလည်း ဆေးဝါး ပြည့်စုံမှုမရှိတာကြောင့် ဆေးဝါး လိုအပ်ချက်တွေရှိနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အရေးပေါ်ဆေးရုံတက်ဖို့ဆိုရင် လိုင်ဇာမြို့အထိ သွားရောက် ကုသကြရတယ်လို့လည်း သိရပါတယ်။ တဖက်မှာလည်း လမ်းစရိတ်အတွက် ငွေကြေးခက်ခဲမှုကြောင့် ဆေးသွားမကုနိုင်သူတွေ ရှိနေပါတယ်။

တချို့ကျေးရွာတွေမှာဆိုရင် ကျေးရွာတွေထဲထိ ဆေးဆရာမတွေလာမှသာ ဆေးထိုးနိုင်ကြတာ ဖြစ်တဲ့ အပြင် ဆေးတစ်ခါထိုးပြီး သောက်ဆေးအပါကို ကျပ် ၂၀,၀၀၀ ဝန်းကျင် ကုန်ကျတာကြောင့် ဆေးထိုးဖို့ တောင် အနိုင်နိုင်ဖြစ်နေကြပြီး လက်လှမ်းမှီရာ ဆေးမီးတိုတွေနဲ့ပဲ ကုသနေကြရတာလို့လည်း ဒေသခံက ပြောပါတယ်။

အဲဒီဒေသတွေဘက် သောက်ဆေးတွေလည်း အမျိုးစားပေါ်မူတည်ပြီး ဈေးနှုန်းအစားစားရှိသလို ပါရာစီတမော ဆေးတစ်ကဒ်ကို ကျပ်နှစ်ထောင်ကနေ သုံးထောင်နဲ့ ချောင်းဆိုး ပျောက်ဆေးလည်း တစ်ကဒ်ကို သုံးထောင်ကနေ ခြောက်ထောင်အထိရှိတယ်လို့ သိရပါတယ်။

မိုးမောက်တကြောက စာသင်ကျောင်းတွေမှာဆိုရင် ရာသီတုပ်ကွေးပုံစံနဲ့ ကိုဗစ်လိုပုံစံအပြင် ဝမ်းပျက်၊ ဝမ်းလျှောတွေအဖြစ်များလို့ စာသင်ကျောင်းတချို့ပိတ်ထားရတာတွေပါရှိခဲ့တာလို့ ဆိုပါတယ်။

ဆေးဝါးခက်ခဲသလို ဒီနောက်ပိုင်းတော့ ဗန်းမော်နဲ့ မိုးမောက်မြို့နယ်ကြားက ကျေးရွာတွေဟာ ကုန်ပစ္စည်းသယ်ယူဖို့လည်း အခက်တွေ့နေကြတယ်လို့သိရပါတယ်။ အရင်ကတော့ ကုန်ပစ္စည်း တွေကို ရွှေကူ၊ မန္တလေးဘက်ကနေ ရေကြောင်း၊ ကုန်းကြောင်းနဲ့ သယ်ယူကြပေမဲ့ စစ်သင်္ဘောတွေ တက်လာတဲ့ နောက်ပိုင်းမှာတော့ အခြေအနေ အမျိုးမျိုးကြောင့်သယ်ယူဖို့ ခက်ခဲနေတာလို့ သိရပါတယ်။

ဗန်းမော်မြို့က စစ်ရှောင်တွေလည်း ဗန်းမော်နဲ့ မိုးမောက်မြို့နယ်တွင်းက ကျေးရွာတွေမှာပဲ စစ်ရှောင် နေကြတာဖြစ်ပြီး လူဦးရေသောင်းဂဏန်းလောက်ရှိတယ်လို့ သိရပါတယ်။

Health Cluster Myanmar ကလည်း ကချင်ပြည်နယ်အပါအဝင် ချင်း၊ ကရင်၊ ကရင်နီ (ကယား)၊ မကွေး၊ ရခိုင်၊ စစ်ကိုင်းနဲ့ တနင်္သာရီတို့မှာ ငှက်ဖျားရောဂါကူးစက်မှု ပိုမြင့်တက်လာနေပြီး ရောဂါကူးစက်မှု အမျိုးအစားကလည်း ပြင်းထန်ငှက်ဖျားရောဂါဖြစ်ပွား နိုင်ခြေမြင့်တဲ့ အမျိုးအစား အဖြစ် သိသိသာသာ ပြောင်းလဲလာတယ်လို့ ဇူလိုင်လထုတ် အစီရင်ခံစာမှာ ပြောဆိုထားပါတယ်။

ဒေသတွင်း ဈေးကွက်ထဲမှာ ငှက်ဖျားကုသဖို့သုံးတဲ့ အခြေခံပေါင်းစပ်ဆေးဝါး (ACTs) ရရှိနိုင်မှု နည်းပါး တာကလည်း အခြေအနေကိုပိုခက်ခဲစေပြီး ငှက်ဖျားစစ်တဲ့ပစ္စည်းတွေနဲ့ ဆေးစိမ်ခြင်ထောင်တွေ ရရှိနိုင် မှုကလည်း အလွန်နည်းပါးနေတာကြောင့် ငှက်ဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေးကို အဟန့်အတား ဖြစ်စေတယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here