ထရမ့်၏ မြန်မာပြည်မြောက်ပိုင်းတွင် မြေရှားသတ္တု ရှာပုံတော် စွန့်စားခန်း

3

ရေးသူ-ရှိုင်း

အမေရိကန်-မြန်မာ သတ္တုတူးဖော်ရေး သဘောတူညီချက်များအပေါ် တရုတ်နိုင်ငံ၏ ပါဝင်ပူးပေါင်းဆောင်ရွက်မှု ရရှိနိုင်ခြေမှာ အလွန်ပင်နည်းပါးလှပါသည်။

အမေရိကန်အနေဖြင့် တရုတ်၏ မြေရှားသတ္တု (rare earths) ထောက်ပံ့မှုအပေါ် လွန်စွာမှီခိုနေရခြင်းသည် ဒေါ်နယ်ထရမ့်၏ သမ္မတသက်တမ်း နှစ်ခုစလုံးတွင် အဓိကပြဿနာတရပ် ဖြစ်လာခဲ့သည်။

၂၀၁၈ ခုနှစ်တွင် တရုတ်ထုတ် အမြဲတမ်းသံလိုက် (permanent magnets) များကို ပင်တာဂွန်စစ်ဌာနချုပ်၏ အသုံးပြုမှုမှ အဆင့်ဆင့်ဖယ်ရှားရန် ညွှန်ကြားသည့် ဥပဒေတစ်ရပ် ပြဋ္ဌာန်းခြင်းအပါအဝင် ဤမှီခိုမှုကို မီးမောင်းထိုးပြရန် ဒေါ်နယ်ထရမ့်သည် လက်တွေ့ကျသော ခြေလှမ်းများ လှမ်းခဲ့သည့်အတွက် အသိအမှတ် ပြုထိုက်ပါသည်။

စွမ်းဆောင်ရည်မြင့် အမြဲတမ်းသံလိုက်များ ထုတ်လုပ်ရန်အတွက် အက်တမ်အလေးချိန်ပိုလေးသည့် (heavy) နှင့် အက်တမ်အလေးချိန်ပေါ့ပါးသည့် (light) မြေရှားသတ္တု အရောအနှောများ လိုအပ်ပြီး ၎င်းတို့ကို စစ်ရေး၊ မော်တော်ယာဥ်ကဏ္ဍနှင့် လေစွမ်းအင်တာဘိုင်များတွင် အဓိကအသုံးပြုကြသည်။

တရုတ်နိုင်ငံသည် ကမ္ဘာ့အမြဲတမ်းသံလိုက် ထုတ်လုပ်မှု၏ ၉၀ ရာခိုင်နှုန်းကျော်ကို ထုတ်လုပ်နေပြီး မကြာသေးမီအချိန်အထိ အက်တမ်အလေးချိန်ပိုလေးသည့် မြေရှားသတ္တုများကို စီးပွားရေးအရ သန့်စင်ပြုပြင်ခြင်းလုပ်ငန်းတွင် တဦးတည်းမူပိုင် စိုးမိုးထားနိုင်ခဲ့သည်။

မကြာသေးမီက တရုတ်၏ ပို့ကုန်ထိန်းချုပ်မှုများကြောင့် ပိုမိုပြင်းထန်လာသော မြေရှားသတ္တု ထောက်ပံ့မှုကို အာမခံနိုင်ရန် ထရမ့်၏ နောက်ဆုံးချဉ်းကပ်ပုံအချို့မှာ စည်းဝါးမကိုက်ဘဲ မမှန်မကန် ဖြစ်ခဲ့သည်။

တရုတ်၏ မြေရှားသတ္တု စိုးမိုးမှုကို ဖြိုခွဲရန် အရေးတကြီး လိုအပ်ချက်ကြောင့် ဂရင်းလန်း (Greenland) ကို နယ်မြေသိမ်းပိုက်ရန် စိတ်ကူးမှုများ၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနှင့် အဆိုပြုထားသည့် လုံခြုံရေးအတွက် သတ္တုသဘောတူညီချက်များ၊ နှင့် ယူကရိန်နှင့် ပူးတွဲသယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေတို့ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

ထရမ့်အစိုးရသည် အမေရိကန် သတ္တုတူးဖော်ရေးကုမ္ပဏီ MP Materials ၏ အမြဲတမ်းသံလိုက် ထုတ်လုပ်မှုကိုကူညီရန် ပုံမှန်မဟုတ်သော်လည်း ရလဒ်ကောင်းနိုင်သည့် သဘောတူညီချက်တခုကိုလည်း ကြားဝင်ဆောင်ရွက်ပေးခဲ့သည်။

သို့သော်လည်း အမြဲတမ်းသံလိုက် ထုတ်လုပ်မှုကို ပြန်လည်ဆန်းသစ်ရန် ဤကြိုးပမ်းမှုမှာ အက်တမ်အလေးချိန်ပိုလေးသည့် မြေရှားသတ္တုရရှိနိုင်မှု ကန့်သတ်ချက်ကြောင့် အဆင်မပြေ ဖြစ်သွားနိုင်သည်။

ဤနေရာတွင် မြန်မာနိုင်ငံသည် အဓိကနေရာသို့ ရောက်ရှိလာခဲ့သည်။

မြန်မာနိုင်ငံသည် အမြဲတမ်းသံလိုက် ထုတ်လုပ်ရာတွင် အသုံးပြုသည့် တာဘီယမ် (terbium) နှင့် ဒစ္စပရိုဆီယမ် (dysprosium) ကဲ့သို့သော အက်တမ်အလေးချိန်ပိုလေးသည့် မြေရှားသတ္တုများအတွက် အကောင်းဆုံး မြေပြင်ဘူမိဗေဒရှိသည့် နိုင်ငံဖြစ်သည်။

သို့သော် မြေရှားသတ္တု ထုတ်လုပ်ခြင်းသည် ရှုပ်ထွေးပြီး သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေသော လုပ်ငန်းတခု ဖြစ်သည်။ တရုတ်နိုင်ငံသည် လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း သဘာဝပတ်ဝန်းကျင်ကို အပျက်စီးဆုံး ဖြစ်စေသော လုပ်ငန်းများကို စိစစ်ကြပ်မတ်မှု တိုးမြှင့်ခဲ့သည်။ မြန်မာနိုင်ငံမြောက်ပိုင်း၏ ဥပဒေစိုးမိုးမှု မရှိသည့်နယ်မြေများတွင်မူ ထိုစည်းမျဉ်းစည်းကမ်းများမှာ ပိုမိုဖြေလျှော့ထားသည်။

၂၀၁၀ ပြည့်နှစ်မှစ၍ တရုတ်သတ္တုတူးဖော်သူများသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် မြန်မာ့စစ်တပ်နှင့် ပူးပေါင်းထားသော တပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေအနှံ့အပြားသို့ ဝင်ရောက် တူးဖော်လုပ်ကိုင်လာခဲ့ကြသည်။

၂၀၁၇ ခုနှစ်မှစ၍ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံသို့ မြေရှားသတ္တု အများဆုံးတင်သွင်းရာ နိုင်ငံဖြစ်လာခဲ့ပြီး ကမ္ဘာ့တာဘီယမ်နှင့် ဒစ္စပရိုဆီယမ် ထုတ်လုပ်မှု၏ သုံးပုံနှစ်ပုံခန့်ကို ထုတ်လုပ်ပေးခဲ့သည်။

ထုတ်ယူသည့် လုပ်ငန်းစဉ်၏ ရှုပ်ထွေးမှုကြောင့် ဤသတ္တုတွင်း အများစု သို့မဟုတ် အားလုံးတွင် တရုတ်နိုင်ငံ၏ ပါဝင်ပတ်သက်မှုများ ရှိနေသည်။

မြန်မာစစ်တပ်က ၂၀၂၁ ခုတွင် အာဏာသိမ်းပြီးနောက် ပြန်လည်ပြင်းထန်လာခဲ့သော ပြည်တွင်းစစ်ကြောင့် ရှိပြီးသား ရေမြေကြီးကြပ်မှုကို အားနည်းစေခဲ့ပြီး သတ္တုတွင်းများ ပိုမိုပေါ်ထွက်လာခဲ့သည်။ နိုင်ငံ ဆက်လက်ပြိုကွဲနေခြင်းကြောင့် မြေရှားသတ္တုတွင်းအချို့အပေါ် ထိန်းချုပ်မှုကို ပြောင်းလဲသွားစေခဲ့သည်။

၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သည် မြေရှားသတ္တု ထက်ဝက်ခန့် ထုတ်လုပ်သည့် တရုတ်နယ်စပ်နှင့် ထိစပ်နေသော နယ်မြေများအပါအဝင် ကချင်ပြည်နယ်အတွင်းရှိ နယ်မြေအများအပြားကို ထိန်းချုပ်လိုက်သည်။

KIA သည် ၎င်းတို့ထိန်းချုပ်ထားသော သတ္တုတွင်းများအပေါ် မြင့်မားသော ပို့ကုန်အခွန်များ စည်းကြပ်ခဲ့ပြီး စစ်ကောင်စီကို တိုက်ခိုက်မှုရပ်တန့်ရန် ဖိအားပေးနေသည့် တရုတ်၏ ကြိုးပမ်းမှုများကို တွန်းလှန်ရန် ရည်ရွယ်ခဲ့သည်။

ဇူလိုင်လတွင် မြန်မာနိုင်ငံနှင့် အဆက်အသွယ်ကောင်းသော အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် အမေရိကန် ဒုတိယသမ္မတ JD Vance ၏ ရုံးအဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး ကချင်မှ မြေရှားသတ္တုများကို (ကချင်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော) အိန္ဒိယမှတဆင့် အမေရိကန်သို့ ပို့ဆောင်မည့် အစီအစဉ်ကို အဆိုပြုခဲ့သည်။

အိန္ဒိယ အစိုးရပိုင်ကုမ္ပဏီ IREL မှ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် ရှေ့ပြေးဆွေးနွေးပွဲများအတွက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ကချင်သို့ သွားရောက်ခဲ့ကြောင်းလည်း အတည်ပြုထားသည်။ ထို့ပြင် ယခုနှစ် ပထမနှစ်ဝက်တွင် အမေရိကန်အရာရှိများသည် KIA အရာရှိများနှင့် သီးသန့်ဆွေးနွေးမှုများစွာ ပြုလုပ်ခဲ့သည့် အရိပ်အမြွက်များလည်း ရှိနေသည်။

ဤလျှို့ဝှက်ဆန်းကြယ်မှုကို ပိုမိုအားဖြည့်ပေးနေသည်မှာ စစ်ကောင်စီနှင့် KIA အကြား ငြိမ်းချမ်းရေးစာချုပ်တခုကို အမေရိကန်က ကြားဝင်ပွဲစားလုပ်ပေးပြီး မြန်မာနိုင်ငံတောင်ပိုင်းမှတစ်ဆင့် မြေရှားသတ္တုများ တင်ပို့နိုင်ရေး ပူးတွဲဆွေးနွေးနေခြင်းပင် ဖြစ်သည်။

ထရမ့်၏ နောက်ဆုံး မြေရှားသတ္တု ကစားကွက်ကြောင့် ဇူလိုင်လတွင် စစ်ကောင်စီနှင့် ဆက်စပ်နေသော ကုမ္ပဏီအချို့အပေါ် ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားခဲ့သည်ဟု အမေရိကန်အရာရှိများက ငြင်းဆိုထားသော်လည်း ယူဆချက် အမျိုးမျိုး ထွက်ပေါ်နေဆဲ ဖြစ်သည်။

ဝါရှင်တန်၏ အဓိကကစားကွက်သည် မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံမှ အက်တမ်အလေးချိန်ပိုလေးသည့် မြေရှားသတ္တုများကို ရရှိရန်မှာ လွယ်ကူလိမ့်မည် မဟုတ်ပေ။

ကချင်ပြည်နယ်မှ အိန္ဒိယနိုင်ငံသို့ လုံလောက်သော မြေရှားသတ္တုပမာဏကို သယ်ယူပို့ဆောင်ရန်အတွက် သီးခြားခွဲထွက်နေပြီး ကြမ်းတမ်းသော မြေပြင်အနေအထားတွင် လမ်းများနှင့် အခြားအခြေခံအဆောက်အအုံများ အသစ်တည်ဆောက်ရန် လိုအပ်မည် (သို့မဟုတ် စစ်ကောင်စီ ထိန်းချုပ်နယ်မြေများမှတဆင့် တင်ပို့ရမည်) ဖြစ်သည်။

မြန်မာနိုင်ငံရှိ အိန္ဒိယ၏ အခြားအဓိက အခြေခံအဆောက်အအုံ စီမံကိန်းများ၏ နှေးကွေးသော အရှိန်အဟုန်ကို ကြည့်ခြင်းအားဖြင့် ဤအစီအစဉ်အပေါ် ယုံကြည်မှု အပြည့်အဝ မရှိလှပေ။

စစ်ကောင်စီနှင့် KIA အကြား ငြိမ်းချမ်းရေးစာချုပ်တစ်ခုကို ကြားဝင်စေ့စပ်ပေးရန် ကြိုးပမ်းခြင်းသည် အနည်းဆုံးအားဖြင့် အလွန်ရှုပ်ထွေးပြီး စိုးရိမ်စရာကောင်းသော လုပ်ငန်းစဉ်တခု ဖြစ်လာပါလိမ့်မည်။

KIA သည် မြန်မာ့စစ်တပ်ကို တိုက်ခိုက်ခဲ့သည်မှာ နှစ်ပေါင်း ၆၀ ကျော်ပြီဖြစ်ပြီး၊ စစ်တပ်ကလည်း မိမိကိုယ်ကို အမျိုးသားစည်းလုံးညီညွတ်ရေး၏ အစောင့်အရှောက်အဖြစ် ခံယူထားကာ KIA အား အထူးလိုက်လျောမှုများပေးရန် အလွန်ပင် တွန့်ဆုတ်နေမည် ဖြစ်သည်။

တရုတ်နိုင်ငံသည် ပို၍ပင် ကျော်လွှားရခက်ခဲမည့် စိန်ခေါ်မှုတရပ် ဖြစ်လာစေသည်။

ပေကျင်းအစိုးရသည် KIA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ၎င်း၏ အဓိကအကျိုးစီးပွားများကို လေးစားလိုက်နာရန်အတွက် နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးနှင့် ဝန်ဆောင်မှုများကို ယာယီပိတ်သိမ်းသည့် မဟာဗျူဟာကို ကျင့်သုံးခဲ့သည်။

ထို့ပြင် တရုတ်သည် ယခုနှစ်အတွင်း စစ်ကောင်စီ ပြိုလဲသွားမည်ကို စိုးရိမ်လာသည့်အတွက် စစ်ကောင်စီကို ကူညီပံ့ပိုးပေးမှုများတွင် အပြတ်အသတ် ပြောင်းလဲလာခဲ့သည်။

ပေကျင်းအစိုးရအနေဖြင့် သက်ဆိုင်သူ နှစ်ဖက်စလုံးကို ဖိအားပေးနိုင်သည့် နည်းလမ်းများစွာကို ဆက်လက်ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။

တရုတ်နိုင်ငံသည် မြေရှားသတ္တု ပို့ကုန်ထိန်းချုပ်မှုများကို ၎င်း၏ အပြင်းထန်ဆုံး ပထဝီစီးပွားရေး လက်နက်အဖြစ် အသုံးချပျိုးထောင်နေသည်။

၎င်းတွင် သတ္တုတွင်းမှသည် သုံးစွဲသူ လက်ဝယ်ရောက်ရှိသည်အထိ ထောက်ပံ့ရေးကွင်းဆက် တစ်ခုလုံးကို ခြေရာခံနိုင်သည့် စွမ်းရည်ဖွံ့ဖြိုးတိုးတက်မှုများ ပါဝင်သည်။ ထို့ကြောင့် KIA မှ မြေရှားသတ္တုများကို အမေရိကန် သို့မဟုတ် အိန္ဒိယသို့ တင်ပို့ခွင့်ပြုရန် တရုတ်နိုင်ငံဘက်က သဘောတူလက်ခံနိုင်ခြေမှာ မရှိသလောက်ပင် နည်းပါးလှသည်။

ဤကဲ့သို့သော စိတ်ကူးယဉ်ဆန်သည့် လမ်းကြောင်းများကို လိုက်ပါဆောင်ရွက်နေမည့်အစား ထရမ့်အစိုးရအနေဖြင့် တည်ရှိပြီးသား မြေရှားသတ္တုတူးဖော်ရေးနှင့် အမြဲတမ်းသံလိုက် ထုတ်လုပ်နိုင်စွမ်းရှိသည့် မဟာမိတ်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေခြင်းက ပို၍ အကျိုးရှိမည် ဖြစ်သည်။

ကိုးကား- Northern Myanmar: The latest stop in Trump’s rare earths escapade (the interpreter)

LEAVE A REPLY

Please enter your comment!
Please enter your name here