ကချင်နိုင်ငံရေးပါတီများပေါင်းစည်းထားသည့် ကချင်ပြည်နယ်ပါတီတွင် ပြည်နယ်သူ/သားများအားလုံး ပူးပေါင်းပါဝင်စေလိုဟု ဦးခက်ထိန်နန်ပြောကြား

4232
kachin party

သြဂုတ် ၁၇
ကချင်နိုင်ငံရေးပါတီ လေးခုပေါင်းစည်း ဖွဲ့စည်းခဲ့သည့် ကချင်ပြည်နယ်ပါတီ (Kachin State Party)တွင် လူမျိုး/ဘာသာမခွဲခြားဘဲ ကချင်ပြည်နယ်သူ/သားများ အားလုံးပါဝင်ရန် လိုအပ်ကြောင်း စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ – ကချင်ပြည်နယ် (UDPKS) ဥက္ကဋ္ဌဦးခက်ထိန်နန်ကပြောသည်။

kachin state party

“ဒီပါတီက ပြည်သူတွေအားလုံးပါဝင်မှုအပေါ်မှာ မူတည်တယ်။ လူမျိုး/ဘာသာအားလုံးမခွဲခြားပဲ အားလုံးပါဝင်ဖို့အတွက် အရေးကြီးတယ်၊ ရည်ရွယ်တယ်၊ လိုအပ်တယ်၊ အားလုံးပါဝင်မှ အားရှိမယ်။ အောင်မြင်နိုင်မယ်၊ ကိုယ့်ပြည်နယ် ကိုယ့်ဒေသအကျိုးအတွက် ထိရောက်အောင် အကျိုးရှိအောင် ဆောင်ရွက်နိုင်မယ်”ဟု ဦးခက်ထိန်နန်ကပြောသည်။

သြဂုတ်လ ၁၁ ရက်နေ့က ကချင်လူထုကိုယ်စားလှယ် ၁၇ ဦးကော်မတီနှင့်အတူ ကချင်ပါတီ ၄ ခုတို့က စုဖွဲ့ထားသည့် ပါတီအသစ်၏နာမည်နှင့် ပါတီလိုဂို၊ အလံ၊ အမှတ်တံဆိပ်တို့ကို ရွေးချယ်ကာ သဘောတူဆုံးဖြတ်ခဲ့ကြသည်။

kachin state party flag
“Kachin State Party ပါတီအလံကို အနီ၊ အဖြူ၊ အပြာအဲ့ဒီကာလာသုံးခုနဲ့ အလယ်မှာ ကချင်ပြည်နယ်မြေပုံဖြစ်တယ်၊ ထိပ်ဆုံးက အနီကတော့ ရဲရင့်ခြင်း၊ အလယ်က အဖြူကဖြူစင်သန့်ရှင်းခြင်း၊ အောက်က အပြာကတော့ ငြိမ်းချမ်းခြင်းဆိုတဲ့အဓိပ္ပာယ်ပေါ့၊အဲ့ဒီသုံးခုရဲ့အလယ်က ကချင်ပြည်နယ် မြေပုံကတော့ အစိမ်းရောင် စိမ်းလန်းစိုပြေခြင်းနှင့်သယံဇာတပြည့်ဝခြင်းပေါ့”ဟု ဦးခက်ထိန်နန်က ရှင်းပြပြောဆိုသည်။

ကချင်ပြည်နယ်ပါတီတွင် ပြည်သူအားလုံးပါဝင်လာပြီး ပညာတတ်များ၊ ဥပဒေပညာရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ ပူးပေါင်းပါဝင်လာရန် မျှော်လင့်ကြောင်း၊ ထိုသို့ ပူးပေါင်းပါဝင်လာမှသာ အင်အားကြီးပါတီဖြစ်လာကာ မိမိဒေသ၊ မိမိပြည်နယ်အတွက် အကျိုးဖြစ်မြောက်လာမည်ဖြစ်ကြောင်းလည်း ၎င်းကထပ်မံပြောဆိုသည်။

ထို့အပြင် ပေါင်းစည်းရေးတွင် ပါဝင်ခြင်းမရှိသေးသော ပြည်နယ်အခြေစိုက် ကချင်ပါတီများကိုလည်း ထပ်မံစည်းရုံးသွားမည်ဟု ကချင်ပြည်နယ်ဒီမိုကရေစီပါတီ(KSDP) ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ပြောသည်။

“ပါတီ side ဘက်က အားလုံး စည်းစည်းလုံးလုံးဖြစ်သွားပြီဆိုရင်တော့ ပြည်သူလူထုကလည်း အားရကျေနပ်ကြမှာပါလို့ ယုံကြည်မျှော်လင့်တယ်”ဟု ဒေါက်တာတူးဂျာကပြောသည်။
ပေါင်းစည်းထားသည့် ကချင်ပြည်နယ်ပါတီအနေဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ယခင် ရွေးကောက်ပွဲထက်ပိုမိုအောင်မြင်မှု ရရှိလာမည်ဟု ယုံကြည်ကြောင်းလည်း ဒေါက်တာတူးဂျာက ပြောသည်။
“၂၀၂၀ မှာတော့ အခုပေါင်းစည်းထားတဲ့ ကချင်ပြည်နယ်ပါတီရဲ့ အောင်မှတ်ကတော့ တော်တော်လေးအားရစရာကောင်းလိမ့်မယ်လို့ ယုံကြည်တယ်။ ကချင်ပြည်နယ်လွှတ်တော်အများစုကို ရရှိသွားမယ်လို့ မျှော်မှန်းပါတယ်”ဟု ဒေါက်တာတူးဂျာက ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲကာလက ကွဲပြားနေသည့် ကချင်နိုင်ငံရေးပါတီများ ပေါင်းစည်းလာရေး အတွက် ပြည်သူလူထုအနေဖြင့် တောင်းဆိုခဲ့ကြသဖြင့် ထိုသို့ပေါင်းစည်းနိုင်ခဲ့ခြင်းဖြစ်ပြီး ကချင် ပြည်နယ်သူ/သားများအတွက် အကျိုးရှိသည့် ပေါင်းစည်းခြင်းလည်းဖြစ်သည်ဟု ကချင်ပါတီများ ပေါင်းစည်းရေးအတွက် ဦးဆောင်ပါဝင်ခဲ့သူ ဦးလမောင်လတောင်က ပြောသည်။

“နဂိုကကတည်းကပေါင်းစည်းခိုင်းစေချင်တာက ကျွန်တော်တို့ဆန္ဒပါ၊ အဲ့လိုပေါင်းစည်းမှပဲ ကချင်ပြည်နယ်မှာ ကချင်အမျိုးသားတွေ ဦးစီးဦးဆောင်တဲ့ ကချင်ပါတီဖွဲ့လို့ရမှာ၊ ဒါမှ ကချင်ပြည်နယ် အစိုးရကို ဖွဲ့စည်းနိုင်မှာလေ မပေါင်းစည်းလို့ရှိရင်တော့ ဖွဲ့စည်းနိုင်မယ့် အလားအလာမရှိဘူး၊ အစကတည်းကနေ ပေါင်းစည်းခိုင်းချင်တာက ကချင်ပြည်နယ်မှာ ကချင်တွေဦးဆောင်တဲ့ အစိုးရ ဖွဲ့စည်းခိုင်းစေချင်တဲ့ ဆန္ဒသဘောအနေနဲ့ ကျွန်တော်တို့က ပေါင်းခိုင်းချင်တာပါ။ အခုပေါင်းနိုင်ပြီဆိုတော့ အရမ်းဝမ်းသာတယ်။ တစ်ခုတော့ရှိတယ် state ကို အခြေမခံဘဲနဲ့ mission ကို အခြေခံပြီးသွားရင်တော့ ပိုပြီး ပြည်နယ်အရေးကော ကချင်တစ်မျိုးသားလုံးရဲ့ အရေးကော ပိုပြီးတော့ လုပ်နိုင်မလားပေါ့ state ကို အခြေခံထားလို့ရှိရင်တော့ မဲပြန်ကြည့်ရင် ကျန်တဲ့လူဦးရေထက် ကချင်က လူနည်းစုဖြစ်သွားမှာလေ ဒါကြောင့် mission ကို အဓိကထားပြီးတော့ အားလုံးအတွက် ထည့်သွင်းစဉ်းစားပြီးသွားရင် ပိုပြီး ခရီးတွင်မယ်လို့ မြင်ပါတယ်”ဟု ဦးလမော်လတောင်က သုံးသပ်ပြောဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲကာလက ကချင်ပါတီများ တကွဲတပြားဖြစ်နေခြင်းကြောင့် ကချင်လူထုများ အနေဖြင့် မဲပေးရွေးချယ်ရန် အခက်တွေ့စေခဲ့သဖြင့် ကချင်ပါတီများ မပေါင်းစည်းလျှင် မည်သည့်ပါတီကိုမျှ မဲထည့်မည်မဟုတ်ကြောင်း ဦးလမော်လတောင် ဦးဆောင်သည့် ဖားကန့်ဒေသမှ ကချင် တိုင်းရင်းသားများက ပြောဆိုခဲ့သည်။ ယခုလို ပေါင်းစည်းယှဉ်ပြိုင်လျင် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ခရီးတွင်မည့်ရလဒ် ထွက်ပေါ်လာနိုင်သည်ဟုလည်း ဦးလမော်လတောင်က ပြောသည်။

ကချင်ပြည်နယ်ပါတီ၏ ပေါ်လစီကိုမူ ချမှတ်ထားခြင်းမရှိသေးဘဲ ပေါင်းစည်းထားသည့် ကချင်နိုင်ငံရေးပါတီ ၄ ပါတီမှ ရရှိလာသည့်ပေါ်လစီ နှင့် ပညာရှင်များချမှတ်မည့်ပေါ်လစီတို့ကို ဆွေးနွေးကာ အကြမ်းရေး ဆွဲသွားမည်ဟုလည်းသိရသည်။
“အရင်က ပါတီတိုင်းမှာပေါ်လစီချမှတ် ထားတာရှိတယ်။ ဒါကို အခုက အားလုံးယူပြီး စုပေါင်းထားတယ်။ ဒါတွေကို ပါတီကလုပ်တာနဲ့ သူတို့လုပ်တာနဲ့ ပေါင်းစပ်ပြီးတော့မှ ကချင်ပြည်နယ်သူ/ သားတွေအတွက် အကျိုးအရှိဆုံး ချမှတ်သွားဖို့ လုပ်ဆောင်သွားမှာပါ။ ပြည်နယ်အတွက်လည်း အကျိုးရှိရမယ်။ ပြည်ထောင်စုကို လည်း အကျိုးပြုနိုင်ရမယ်။ လူမျိုး/ဘာသာမခွဲခြားပဲအားလုံးကို အကျိုးပြုနိုင်တဲ့ပါတီ ဖြစ်အောင် ပါတီပေါ်လစီ ရေးဆွဲသွားမှာပါ”ဟု ဒေါက်တာတူးဂျာက ပြောသည်။

ယင်း ပါတီပေါင်းစည်းရေးတွင် လိုအပ်သည်များကို ချမှတ်နိုင်ရေးအတွက် စာပေ၊ ယဉ်ကျေးမှု၊ ဘာသာရေးအဖွဲ့၊ CSOs ၊ ပညာရှင်တို့ပါဝင်သည့် ၁၇ ဦးကော်မတီကို ဖွဲ့စည်းကာ ဆောင်ရွက်ခဲ့ကြပြီး တရားဝင်ပါတီသစ် ဖြစ်လာရေးနှင့် ရှေ့ဆက်လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန်အတွက် ၁၇ ဦးကော်မတီတွင် ပညာရှင် ၁၀ဦးထပ်မံထည့်သွင်းကာ အလုပ်မှုဆောင် ၂၇ ဦးကော်မတီကိုလည်း ဖွဲ့စည်းခဲ့ကြသည်။

ယခုပေါင်းစည်းထားသည့် ကချင်နိုင်ငံရေးပါတီ လေးခုမှာ ကချင်ဒီမိုကရက် တစ်ပါတီ(KDP)၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP)၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (မနောတိုင်ပါတီ) (UDPKS)နှင့် ကချင်အမျိုးသားကွန်ကရက်ပါတီ (KNC)ပါတီတို့ဖြစ်သည်။

၎င်းတို့အနေဖြင့် သြဂုတ်လ ၂၀ ရက်တွင် ဆွေးနွေးမှုထပ်မံပြုလုပ်မည်ဖြစ်ပြီး ပေါင်းစည်းထားသည့် ကချင်ပြည်နယ်ပါတီအနေဖြင့် ပါတီတရားဝင် မှတ်ပုံတင်ခြင်းကိစ္စနှင့် ရှေ့ဆက်လုပ်ငန်းစဉ်များအတွက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
Salai

LEAVE A REPLY

Please enter your comment!
Please enter your name here