သြဂုတ် ၂၄
မြစ်ကြီးနားမြို့၊ ညဈေးတန်းတွင် လမ်းပြုပြင်မည်ဖြစ်၍ ရောင်းချနေသည့် ဈေးဆိုင်ခန်း ၅၀ ခန့်ကို လွတ်ကင်းသည့်နေရာသို့ ယာယီရွှေ့ပြောင်းထားမည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
မလိခလမ်းမှ ကျွန်းရွှေဝါလမ်း (ညဈေးတန်းကြက်ဥကစော်ဆိုင်မှ ERKE ဖိနပ်ဆိုင်လမ်း) တစ်လျှောက် နိုင်လွန်ကတ္တရာခင်းမည် ဖြစ်သောကြောင့် မလွတ်ကင်းသည့် အထက်ပါဆိုင်များကို ရွှေ့ပြောင်းမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ ဒုတိယဦးစီးမှူး(ဈေး) ဦးဖြိုးဝေဆန်းက ပြောသည်။
ဓဘတ်ဂျက်တောင် ကျပြီးနေပြီ။ မိုးမကုန်သေးလို့ စောင့်နေတာ။ မိုးကုန်တာနဲ့ တစ်ခါတည်းခင်းတော့မှာ။ မိုးတွင်းက လမ်းခင်းလို့မရဘူးလေ”ဟု ဦးဖြိုးဝေဆန်းက ပြောသည်။
ယာယီပြောင်းရွှေ့မည့်နေရာများမှာ ဝိုင်းမော်ကူးတို့ဆိပ်လမ်း (ဘူတာကြီးရှေ့လမ်း)နှင့် ခရေပင်လမ်း (ကမ္ဘောဇဘဏ်လမ်း)သို့ ပြောင်းရွှေ့ချထားပေးမည် ဖြစ်ကြောင်းလည်း သိရသည်။
“ဘူတာရှေ့လမ်းကျတော့ ကျောင်းရှိတဲ့ဘက် အခြမ်းတော့မဟုတ်ဘူး။ ပွင့်ပွင့်ဆေးဆိုင်ရှေ့လမ်း ဖြစ်သွားမယ်။ ကမ္ဘောဇဘဏ်ဘေးမှာလည်း ဟိုဘက်က ညနေဈေးနဲ့တစ်ဆက်တည်း ဖြစ်သွားမယ်။ လောလောဆယ်တော့ အဲဒီလိုလျာထားတယ်”ဟုလည်း ဦးဖြိုးဝေဆန်းက ဆက်လက်ပြောသည်။
ယင်းသို့ ယာယီချထားပေးမည်ဆိုသော်လည်း ဈေးရောင်းဈေးဝယ်အဆင်ပြေမှုရှိပြီး အထက်မှညွှန်ကြားပါက နေရာ အတည်တကျ သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“လောလောဆယ်ကတော့ ယာယီပေါ့နော်။ အတည်ချထားလိုက်လို့ အထက်ကပြောလာရင်တော့ အတည်ဖြစ်သွားနိုင်တယ်။ ဈေးသည်တွေ အဆင်ပြေလို့ မရွှေ့ချင်ဘူးဆိုရင်လည်း အတည်ဖြစ်နိုင်တယ်။ သိပ်တော့မသေချာသေးပါဘူး”ဟုလည်း ဦးဖြိုးဝေဆန်းက ဆက်လက်ရှင်းပြသည်။
ယင်းညဈေးတန်းလမ်းတစ်လျှောက် (နိုင်လွန်ရေခဲမုန့်ဆိုင်မှ မြတ်မွန်ဆေးခန်းလမ်း)တွင် အသီးဆိုင်များ အဝတ်အထည်ဆိုင်များ ထမင်းကြော်ဆိုင်များ ရောင်းချလျက်ရှိနေပြီး ဆိုင်ခန်းပေါင်း ၁၅၀ ခန့်ရှိကြောင်းလည်း သိရသည်။
စည်သူ(မြစ်ကြီးနား)







