ကချင်ပြည်နယ်မှာ HIV လျှော့ချရေးအတွက် တစ်နှစ်ကို အမေရိကန် ဒေါ်လာ လေးသန်းခန့် သုံးစွဲနေ

10319
ရောဘတ်ကယ်လီ (HIV/AIDS Key Populations အကြံပေး ၊ ကျန်းမာရေးဆိုင်ရာဌာနေရုံး)

မြန်မာနိုင်ငံတွင် HIV ရောဂါပြန့်ပွားမှုနူန်းသည် အမျိုးသမီးလိင်လုပ်သားများ၊ လိင်တူဆက်ဆံအုပ်စုများနှင့် မူးယစ်ဆေးဝါး အကြောထဲထိုးသွင်းသူများထံတွင် ဖြစ်ပွားမှု ပိုမိုများပြားနေပါသည်။ ထို ဦးတည် အုပ်စုဝင်များအနက်မှ ဆေးထိုးအပ်တစ်ချောင်းကို ဝေမျှသုံးစွဲခဲ့ကြသော မူးယစ်ဆေးဝါး အကြောထဲထိုးသွင်းသူများသည် HIV ရောဂါပိုး ကူးစက်ခံရမှုနှုန်း အများဆုံးဖြစ်သည်။

မူးယစ်ဆေး အကြောထဲထိုးသွင်းသူများ၏ HIV ရောဂါကူးစက်ခံနေရမှုများသည် မြစ်ကြီးနားမြို့နယ်တွင် ၃၅ ရာခိုင်နှုန်း၊ ဝိုင်းမော်မြို့နယ်တွင် ၄၇ ရာခိုင်နှုန်း၊ ဗန်းမော်မြို့နယ်တွင် ၄၅ ရာခိုင်နှုန်းရှိနေသည်ဟု အမေရိကန်နိုင်ငံမှ အကူအညီပေးရေးအဖွဲ့ တစ်ခုဖြစ်သည့် ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါးနဲ့ HIV လျှော့ချရေးအတွက် အမေရိကန်နိုင်ငံကိုယ်စား အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ(USAID)၏HIV/ AIDS Flagship Project စာရင်းဇယားများအရ သိရပါသည်။ ထိုအကူအညီပေးရေးအဖွဲ့၏ ကချင်ပြည်နယ်အတွင်း ဆောင်ရွက်ချက်နှင့်ပတ်သက်ပြီး မစ္စတာရောဘတ်ကယ်လီနှင့် မြစ်ကြီးနားသတင်းဂျာနယ်မှ အယ်ဒီတာချုပ် ဆိုင်းမိုင်တို့ တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြပေးလိုက်ပါသည်။

ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါးနဲ့ HIV လျှော့ချရေးအတွက် အမေရိကန်နိုင်ငံကိုယ်စား အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ (USAID)အနေနဲ့ တစ်နှစ် တစ်နှစ်ကိုဘယ်လောက်ကူညီပေးခဲ့ပါသလဲ။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို တိုက်ရိုက်လုပ်တာတော့မဟုတ်ဘူး။ HIV ကာကွယ်ရေးအတွက် လုပ်နေတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကချင်ပြည်နယ်မှာ မူးယစ်ဆေး သွေးကြောထဲသွင်းတာကတစ်ဆင့် HIV ကူးစက်နှုန်းကများနေတဲ့အတွက် မူးယစ်ဆေးအကြောထဲ ထိုးသွင်းသူတွေကိုကူညီတာ ဖြစ်ပါတယ်။ ကချင်ပြည်နယ် HIVလျှော့ချရေးအတွက် ခန့်မှန်းခြေအမေရိကန် ဒေါ်လာ ၄ သန်းသုံးစွဲတာရှိပါတယ်။

ကချင်ပြည်နယ်အတွက် ဒေါ်လာ ၄ သန်းသုံးစွဲတယ်ဆိုတော့ HIV ကူးစက်မှုနူန်းအနေနဲ့ရော လျော့ကျခဲ့ပါသလား။
ကျွန်တော်တို့ အချက်အလက် စုဆောင်းတုန်းပဲရှိပါသေးတယ်။ ရောဂါကူးစက်တဲ့သူတွေကို စာရင်းလိုက်ကောက်တာ တကယ်တော့ ခက်ခဲပါတယ်။ ဒါပေမဲ့ အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး ရောဂါကူးစက်တဲ့ လူဦးရေအတိုးအလျော့ကို အခု စာရင်းကောက်နေပါတယ်။ ငွေကြေးအကူအညီတွေ ပေးအပ်နေပါတယ်။ အဲဒီလိုအကူအညီတွေပေးနေတဲ့အခါ ဒီငွေကြေးထိရောက်မှု ရှိသလားဆိုတာကို မြင်တွေ့ဖို့လိုပါတယ်။ အဲဒီအတွက် စာရင်းဇယားရှိဖို့ လိုပါတယ်။

ကချင်ပြည်နယ်မှာ တစ်နှစ်တစ်နှစ်ကို ဒေါ်လာလေးသန်းသုံးစွဲတာ ဘယ်လောက်ကြာပြီလဲ။
ကျွန်တော်တို့ ကချင်ပြည်နယ်အတွက် စပြီးအကူညီတွေပေးအပ်လာတာတစ်နှစ်ခွဲပဲရှိပါသေးတယ်။ အရင်ကတော့ ရန်ကုန်၊ မန္တလေးဘက်ကိုကူညီတာပါ။ ဒါပေမဲ့ အချက်အလက်တွေကိုမြင်ရခြင်းအားဖြင့် ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါးကြောင့် HIV ဖြစ်ပွားမှုနူန်း မြင့်တက်တာကိုတွေ့ရတဲ့အတွက် ကချင်ပြည်နယ်ကို အလေးပေးဖို့လိုလာပြီဆိုတာ သတိထားမိတာပါ။

ဘယ်အဖွဲ့အစည်းတွေနဲ့ လက်တွဲ ဆောင်ရွက်နေပါသလဲ။ ပြည်နယ်အစိုးရနဲ့ရော ဘယ်လိုတွေ ပူးပေါင်းလုပ်ဆောင် တာတွေရှိသလဲ။
အဖွဲ့အစည်းအားလုံး ပါဝင်ကြပါတယ်။ ရောဂါထိန်းချုပ်ရေးဗဟိုဌာန(CDC) ဆိုရင် နေပြည်တော်မှာရှိတဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ လက်တွဲဆောင်ရွက်နေပြီး၊ ကချင်ပြည်နယ်မှာပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနဲ့ လက်တွဲဆောင်ရွက်နေပါတယ်။ Medecins du Monde, Asia Harm Reduction Network အဖွဲ့နဲ့ Medical Action Myanmar အဖွဲ့လို့ နိုင်ငံတကာအန်ဂျီအိုအဖွဲ့တွေအပြင် ပြည်တွင်းအန်ဂျီအိုအဖွဲ့ဖြစ်တဲ့ မေတ္တာဖောင်ဒေးရှင်းနဲ့ တခြားအဖွဲ့အစည်းတွေနဲ့လည်း လက်တွဲဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့် နောက်တစ်ခုအနေနဲ့ တခြားလူတွေနဲ့လည်း လက်တွဲဆောင်ရွက်လို့ရအောင် ဒီသီတင်းပတ်ထဲမှာ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လိုက်လံတွေ့ဆုံ ဆွေးနွေးနေတာ ဖြစ်ပါတယ်။

USAID အနေနဲ့ မူးယစ်ဆေးဝါးသုံးစွဲနေသူတွေအတွက် ပြန်လည်ထူထောင်ရေးစင်တာတွေ လုပ်ပေးဖို့ အစီအစဉ်ရှိပါသလား။
အခုဆို မြစ်ကြီးနားမှာ အစိုးရကလုပ်ထားပေးတဲ့ ဘိန်းဖြတ်ဆေးရုံရှိတယ်။ အရမ်းကောင်းပါတယ်။ ဒါပေမဲ့ ဘာရှိသလဲဆိုရင် ဒီဆေးရုံကိုလာဖို့ ကချင်ပြည်နယ်ရဲ့ နယ်မြေဧရိယာအရ လူတွေအနေနဲ့ သွားရေးလာရေးအခက်အခဲတွေရှိတယ်။ ဘိန်းဖြတ်ဆေးရုံကို မြစ်ကြီးနားမှာတင်မဟုတ်ဘဲ တခြားမြို့နယ်တွေ မှာရော ဘယ်လိုဖြန့်ကျက်ပံ့ပိုးပေးနိုင်မလဲဆိုတာကို ကျွန်တော်တို့ လေ့လာနေပါတယ်။

ကျွန်တော်တို့ဆီမှာ မြို့နယ်တွေရဲ့ ဘုရားကျောင်းတွေကနေတစ်ဆင့် ဖြန့်ကျက်ပြီး ဘိန်းဖြတ်စခန်းတွေလုပ်နေတဲ့ လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ဆိုတာ ရှိပါတယ်။ ဒီအဖွဲ့စည်းတွေကိုရော ကူညီပေးတာမျိုး ရှိပါသလား။
KBC အောက်က လူထုအခြေပြုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့(pat Ja san)က လူထုထောက်ခံမှု ရတာကို ကျွန်တော်တွေ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် ဘာသွားတွေ့လဲဆိုတော့ ဒီအဖွဲ့တွေရဲ့ ဆေးဖြတ်နည်းသုံးတဲ့ နည်းစနစ်တွေက သိပ်ခေတ်မမီတော့ဘူး။ ကျွန်တော်တို့ ခေတ်မီတဲ့ နည်းစနစ်ကိုပေးဖို့ စဉ်းစားနေပါတယ်။ ကျွန်တော်တို့ဆီမှာဒေသန္တရ အကူအညီပေးရေးကော်မတီတွေ ရှိတယ်။ ဒီမှာဆိုရင် pat ja san က လူတွေရောပါတယ်။ ကချင်ပြည်နယ်မှာရှိတဲ့ နန့်မွန်း၊ နမ္မတီး၊ ဝိုင်းမော် အဲဒီဘက်လူတွေနဲ့ ထိတွေ့ပူးပေါင်း ဆောင်ရွက်နေပါတယ်။ ဒီကော်မတီထဲမှာဆိုရင် ဆေးဖြတ်ပေးတဲ့သူ၊ မူးယစ်ဆေးဝါးတိုက်ဖျက်တဲ့သူတို့ အကုန်ပါတဲ့အတွက် ပိုပြီးထိရောက်မှုရှိပါတယ်။ ကျွန်တော်တို့ ဒီလိုဖွဲ့စည်းဖို့လုပ်နေတာ တစ်နှစ်လောက် ရှိပါပြီ။ တခြားအဖွဲ့အစည်းတွေဖြစ်တဲ့ ကချင်လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့နဲ့ ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့(WMR) သူတို့အမြင်တွေကို ပေါင်းစပ်ပြီး ဘယ်လိုထိရောက်အောင် လုပ်မလဲဆိုတာကို စဉ်းစားသွားမှာပါ။

မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးဘယ်လိုအခန်းကဏ္ဍတွေမှာ ပါဝင်ကူညီနေပါသလဲ။
အပိုင်း ၃ ပိုင်းရှိပါတယ်။ မူးယစ်ဆေးဝါး အစားထိုးဆေးမက်သဒုံးပေးကုသပေးတဲ့ပုံစံ၊ မူးယစ်ဆေးဝါး လုံးဝဖြတ်ပေးတာနဲ့ ဆေးထိုးအပ်နဲ့ဆေးထိုးပိုက်အစီအစဉ်တွေပါ။

အခုဆိုရင် ကချင်ပြည်နယ်မှာယောက်ျားလေးတွေပဲ မဟုတ်တော့ဘူး၊ အမျိုးသမီးတွေပါ မူးယစ်ဆေးဝါး သုံးစွဲလာကြတယ်။ ဒါပေမဲ့ သူတို့အတွက် ပြည်လည်ထူထောင်ရေး လုပ်ငန်းတွေမရှိဘူး ဖြစ်နေတယ်။ အမျိုးသမီးတွေအတွက်ရောထည့်သွင်းစဉ်းစားထားတာ ရှိပါသလား။
ဒါက ကျွန်တော်တို့ဘက်ကလည်း စိုးရိမ်ပူပန်ရတဲ့ ကိစ္စကြီးတစ်ခု ဖြစ်ပါတယ်။ အမျိုးသမီးတွေအတွက် အဆင်ပြေတဲ့ ဆေးဖြတ်စခန်းတွေ တည်ထောင်ပေးဖို့လိုပါတယ်။ မူးယစ်ဆေးဖြတ်စခန်းကို သွားလိုက်မယ်ဆိုရင် အမျိုးသားတွေများနေတယ်။ အမျိုးသမီးတွေအတွက် ရှက်ရွံ့မှုရှိမယ်၊ သူတို့တွေအတွက် သွားဖို့အဆင်မပြေတာ ဖြစ်မယ်။ ဒီပြဿနာနဲ့ ပတ်သက်ပြီးဖြေရှင်းဖို့ ကြိုးစားနေပါတယ်။

အသစ်ပြင်ဆင်လိုက်တဲ့ မူးယစ်ဥပဒေကိုဘယ်လို မြင်သလဲ။ ပိုကောင်းလာတယ်လိုမြင်သလား။
ဒီလိုပြင်လိုက်တဲ့ ဥပဒေဟာကောင်းတယ်။ ဦးတည်ချက်မှန်တယ်လို့ မြင်ပါတယ်။ ဒီလို ပြုပြင်ပြောင်းလဲမှု အသစ်တွေနဲ့ ပတ်သက်ပြီးလူထုတွေသိအောင်တော့ လုပ်ပေးဖို့လိုပါတယ်။ အရင်ကဆိုရင် မူးယစ်ဆေးဝါး သုံးစွဲသူတွေထောင်ကျနိုင်တယ်ဆိုတာကနေအခုပြင်လိုက်တဲ့ ဥပဒေကြောင့် ပြည်သူ့ကျန်းမာရေးဘက်ကို ဦးတည်ပါတယ်ဆိုတာကို ပြည်သူတွေသိဖို့ လိုပါတယ်။

နောက်ဆုံးအနေနဲ့မေးချင်တာကတော့ ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါး လျော့ကျအောင် ပြည်နယ်အစိုးရနဲ့ ပြည်သူတွေပူးပေါင်းပြီး ဘာတွေလုပ်သင့်တယ်လို့ ထင်ပါသလဲ။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့လည်း ဆက်လက်ဖြေရှင်းဖို့ ကြိုးစားနေပါတယ်။ HIV ဖြစ်လာတဲ့ ကိစ္စမှာအစိုးရနဲ့ ပြည်သူသာမက၊ ယဉ်ကျေးမှု၊ ပညာရေး၊ လူထုအဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ပေးမှ ရမှာပါ။ ဆေးသုံးစွဲသူတွေကို ဒီအဖွဲ့အစည်းတွေကထိတွေ့ပတ်သက်နေရတဲ့အခါ ဒီကိစ္စကိုဖြေရှင်းဖို့ လိုပါတယ်။

မြစ်ကြီးနားသတင်းဂျာနယ်

LEAVE A REPLY

Please enter your comment!
Please enter your name here