ဖေဖော်ဝါရီ ၁၄
မိုးကောင်းမြို့နယ် လွယ်လီယန်ကျေးရွာအုပ်စု မရန်ကထောင်ရှိ မြေကွက်ဧက ၁၀၀၀ ကို အိမ်ခြံမြေ ပိုင်ဆိုင်မှုမရှိသည့် ပြည်သူအယောက် ၁၀၀၀ အား ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနာမည်ဖြင့် မြေခွဲဝေပေးနေမှုများ ရှိနေကြောင်း သိရသည်။

အိမ်ခြံကွက် တစ်ကွက်လျှင် အကျယ် ၈၀ _ ၆၀ ရရှိမည်ဖြစ်ပြီး မြေရယူရန်အတွက် စာရင်းပေးသွင်းရာတွင် မိမိ၏ မှတ်ပုံတင်မိတ္တူတစ်ခု၊ မိခင်နာမည်နှင့် မိမိလိုင်စင်ဓာတ်ပုံ ၃ ပုံသာ လိုအပ်ကြောင်းနှင့် မှတ်ပုံတင်မရှိပါက မိဘနှစ်ပါးအမည်၊ မိမိဓာတ်ပုံ ၃ ပုံနှင့် မှတ်ပုံတင်လျှောက်ထားဆဲ ထောက်ခံစာဖြင့်လည်း လာရောက်စာရင်းသွင်းနိုင်ကြောင်း သိရသည်။
လွယ်လီယန် ကျေးရွာသည် လီဒိုလမ်းမကြီးဘေးတွင် တည်ရှိသော ကျေးရွာဖြစ်သဖြင့် ယင်းလမ်းမဘေးတွင် သစ်ပင်ခြုံနွယ်များကြောင့် ခိုးဆိုးလုယက်သူ၊ မူးယစ်ဆေးဝါး သုံးစွဲသူများ၏ အခွင့်အရေးဖြစ်နေသည့်အတွက် ခရီးသွားပြည်သူများ စိတ်အနှောင့်အယှက်ဖြစ်မှုများမရှိဘဲ လုံခြုံစွာ သွားလာနိုင်ရန် လူနေအိမ်ဝင်းများ ထားရှိကာ ရွာကြီးတစ်ရွာအဖြစ် ပြောင်းလဲသွားရန် ရည်ရွယ်ချက်ဖြင့် မြေများကို ခွဲဝေနေကြောင်းမြေကွက်ရရှိရေး ဆောင်ရွက်ပေးနေသူ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဒေါ်နန်ဘန်က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
အဆိုပါ မြေကွက်များကို ဖားကန့်၊ ပူတာအို၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ နမ္မတီး အစရှိသည့် ဒေသများမှ ပြည်သူများလာရောက်ကာ နာမည်စာရင်းပေးသွင်းကြပြီး ယခုလ ၁၃ ရက်နေ့အထိ လူဦးရေ ၆၀၀ ဝန်းကျင်ခန့် ရှိပြီဖြစ်ကြောင်း၊ အိမ်ခြံမြေမရှိဘဲ ဒုက္ခရောက်နေသည့်သူ မည်သူမဆို လာရောက်လျှောက်ထား ရယူနိုင်ကြောင်း ဒေါ်နန်ဘန်က ဆက်လက်ပြောသည်။
“တကယ်လို့ မှတ်ပုံတင်ပျောက်လို့ ရုံးမှာသွားလုပ်မယ်ဆိုရင် ဒဏ်ငွေအနေနဲ့သုံးသောင်းခွဲ ပေးရတယ်။ ဒီမှာက မှတ်ပုံတင်ပျောက်သွားတဲ့သူနဲ့ အိမ်ထောင်စုလိုချင်တဲ့သူ ဆိုရင်လည်း ပိုက်ဆံတစ်ပြားမှ မကောက်ဘဲ ရအောင်လုပ်ပေးပါတယ်”လို့လည်း ဒေါ်နန်ဘန်က ဆက်ပြောသည်။
ထို့အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် စစ်ရှောင်စခန်းများတွင် တိမ်းရှောင်နေထိုင်ကြသော ဒုက္ခသည်များကိုလည်း မြေများခွဲဝေပေးရန် သဘောတူထားသောကြောင့် စစ်ရှောင်ပြည်သူများလည်း လာရောက်စာရင်းပေးနိုင်ကြောင်း သိရသည်။
အဆိုပါ မြေခွဲဝေပေးမှုနှင့်ပတ်သက်၍ မရန်ကထောင်ရာအိမ်မှူး ဦးလဗျဘောက်နော်က “အုပ်ချုပ်ရေးဆိုက်ဘက်က ဝင်လာတဲ့ကိစ္စမဟုတ်ဘူး။ ကြံ့ခိုင်ရေးပါတီက သူတို့ပါတီဝင်မယ်ဆိုတဲ့ သူတွေကို မြေခွဲပေးမယ်ဆိုပြီး စည်းရုံးရေးဆင်းတဲ့ သဘောပဲဖြစ်တယ်”ဟု ပြောသည်။
မြေကွက် လျှောက်ထားသူများကို လာမည့် ၂၈ ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသိန်းဇော်ကိုယ်တိုင်လာရောက်ပြီး မြေခွဲဝေခြင်းနှင့် ပတ်သက်သည့် အကြောင်းများကို ရှင်းပြပြောဆိုမည်ဖြစ်ကြောင်း ဒေါ်နန်ဘန်ထံမှ သိရသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး မြစ်ကြီးနားသတင်းဂျာနယ်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြစ်ကြီးနားခရိုင်ဥက္ကဋ္ဌ ဦးထွန်းဖေထံ ဆက်သွယ်မေးမြန်းကြည့်ရာ “မိုးကောင်းက ဥက္ကဋ္ဌလည်း မသိဘူးတဲ့။ အဲဒီဘက်မှာ ကျွန်တော်တို့ပါတီပိုင်မြေ မရှိဘူးနော်။ တစ်ခုခု နားလည်မှု လွဲတာ ဖြစ်မယ်။ ဘယ်သူကများကျွန်တော်တို့ ပါတီနာမည်နဲ့ အဲဒီလိုလုပ်နေလဲမသိဘူး။ အဲဒီဘက်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ပိုင်မြေရှိတယ်လို့လည်း မကြားဖူးပါဘူး”ဟု ငြင်းဆန်ပြောဆိုသည်။
မွန်းမွန်းပန်







