မိုင်းရှင်းလင်းရေး လုပ်ပြီးမှသာ မိမိနေရပ်သို့ ပြန်နိုင်မည်ဖြစ်ကြောင်း နမ္မတီးစစ်ရှောင်ပြည်သူများပြော

991

ဖေဖော်ဝါရီ ၁၄

နမ္မတီးကျေးရွာရှိ စစ်ရှောင်စခန်း (၃) ခုတွင် ခေတ္တတိမ်းရှောင်နေကြသော စစ်ရှောင်များသည် မိမိနေရပ်သို့ မပြန်နိုင်ဖြစ်နေရသည်မှာ ရွာတွင်း၌ နှစ်ဖက်လက်နက်ကိုင်များ ထောင်ထားသည့် မြေမြှုပ်မိုင်းကြောင့်ဖြစ်ကြောင်း သိရသည်။

လက်ရှိ အခြေအနေတွင် ရွာအတွင်း ကျန်ရှိခဲ့သည့် တိရစ္ဆာန်များသည် မိုင်းနင်းမိ၍ ခြေပြတ်၊ လက်ပြတ်ဖြစ်သေဆုံးနေရသည့်အပြင် မိမိ၏အိမ်ယာများအား ပျက်စီးမှု ရှိမရှိ သိရှိလိုသောကြောင့် သွားရောက်ကြည့်ရှုချိန်တွင် လမ်းမကြီးဘေးတွင် သတိထားသွားလာနေရပြီး မြေမြှုပ်မိုင်းကြောင့် ခြေထောက်ဆုံးရှုံးခဲ့သူများလည်း ရှိနေကာ မိုင်းရှိနေသရွေ့ နေရပ်ပြန်ရေးမှာ မဖြစ်နိုင်သေးကြောင်း စစ်ရှောင်များက ပြောသည်။

“ကိုယ့်အိမ်ကိုယ့်ခြံရှိတဲ့နေရာကို မပြန်ချင်တဲ့သူဘယ်သူရှိမလဲ။ ပြန်ချင်တာပေါ့။ မိုးကာတဲထဲမှာ ဘယ်သူက နေချင်မှာလဲ။ သူတို့အနေနဲ့ မပြန်ခဲ့ဖူးတာ မဟုတ်ဘူး။ ဒီမှာပြန်လာနေတာက ဒုတိယအကြိမ် ဟုတ်တယ်။ အခု သူတို့ပြန်မယ်ဆိုရင်လည်း ပြန်ဖြစ်မှာကို စိုးလို့မပြန်ကြတာ။ အခုလည်းပြန်ချင်တယ်၊ ကြောက်နေလို့သာ မပြန်တာ။ အဓိကတော့ မိုင်းပဲ”ဟု ကဆုန့်စစ်ရှောင် အမျိုးသားတစ်ဦးကပြောသည်။

ထို့အပြင် စစ်ရှောင်များနေရပ်ပြန်နိုင်ရန် တပ်မတော်မှ မိုင်းရှင်းလင်းပေးမည်ဟု ပြောဆိုသော်လည်း ၎င်းတို့၏ ၁၀ လခန့် စစ်ရှောင်နေသည့် ကာလအတွင်း ပျက်ဆီးနေသည့် နေအိမ်များအား ပြန်လည်ဆောက်လုပ်ရဦးမည် ဖြစ်သောကြောင့် လတ်တလောပြန်နိုင်ရေး မလွယ်ကူသေးကြောင်းလည်း ဆိုသည်။

“အခု သူတို့ပြန်မယ်ဆိုရင်လည်း ပြန်နေဖို့ အိမ်ကပျက်စီးနေပြီ။ သစ်သားတွေ၊ သွပ်တွေနဲ့ လုပ်ထားတဲ့ အိမ်က အနည်းအကျဉ်းပဲ ရှိတာ။ ကျန်တာက ဝါးအိမ်တွေဟုတ်တယ်။ လူမနေတော့ ပျက်စီးနေပြီလေ။ သူတို့ ပြန်ဖို့ကတော့ နှစ်ဖက်သော လက်နက်ကိုင်တွေအနေနဲ့ အိမ်တွေဆောက်ပေး၊ လမ်းတွေလုပ်ပေးဖို့ လိုတယ်”ဟု နမ္မတီး RC စစ်ရှောင်စခန်းတာဝန်ခံ ဦးဘောမ်ယော်က ပြောသည်။

စစ်ရှောင်များ နေရပ်ပြန်ပါက မိမိတို့တောင်ယာများတွင်သာ ပြန်လည်လုပ်ကိုင်စားသောက်ရမည် ဖြစ်သည့်အတွက် တောင်ယာများတွင်လည်း မိုင်းရှင်းလင်းပေးရန်လည်း လိုအပ်ကြောင်း၊ သို့မှသာ လုပ်ကိုင်စားသောက်ရန်မှာ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း၊ ၎င်းတို့ ပြန်ပြီးပါက စားစရာ ထောက်ပံ့ပေးရန်လည်း လိုအပ်ကြောင်းနှင့် လုံခြုံစိတ်ချစွာ နေထိုင်သွားလာနိုင်ရေးအတွက် လုံခြုံရေး လည်း ချပေးစေလိုကြောင်းလည်း ဦးဘောမ်ယော်က ဆက်လက်တောင်းဆိုခဲ့သည်။

“စစ်ရှောင်တွေ အားလုံးရဲ့ ပုံတွေ သက်သေယူနေကြတယ်။ ကျွန်တော်တို့ မပြန်ဖူးတာ မဟုတ်ဘူး။ ပြန်ခဲ့ပြီးပြီ။ ဒါပေမယ့် နေထိုင်လို့မရသေးလို့ တစ်ခေါက်ပြန်လာကြတာဖြစ်တယ်။ ဒါကြောင့် စစ်မှန်တဲ့ ငြိမ်းချမ်းရေး မရသရွေ့တော့ ပြန်မယ်ဆိုတာကတော့ မဖြစ်နိုင်သေးဘူး”ဟု ကဆုန့်စစ်ရှောင်စခန်းမှ သင်းထောက် ဦးဇော်ခေါင်က ပြောသည်။
နမ္မတီးကျေးရွာရှိ RC စစ်ရှောင်စခန်း၊ KBC စစ်ရှောင်စခန်းနှင့် ဇွမ်မိုင်ယန်စစ်ရှောင်စခန်း စသည့် စခန်း (၃)ခုတွင် အောင်လောဒ်၊ကဆုန့်၊ ဇွမ်မိုင်၊ နန်ဘရူ စသည့် ကျေးရွာများမှဖြစ်ပြီး အခြားနီးစပ်ရာ ကျေးရွာများမှာလည်း တိမ်းရှောင်နေထိုင်လျက်ရှိပြီး စစ်ရှောင်ဦးရေ ၁၁၇၆ ဦး ရှိကြောင်းလည်း သိရသည်။

မွန်းမွန်းပန်

LEAVE A REPLY

Please enter your comment!
Please enter your name here