ပြည်နယ်တွင်း ကျောက်မျက်ပြပွဲတွင် ကျောက်မျက် အတွဲ ၃၀၀ ကျော် ရောင်းရ

1240

မေ ၁၇

ကချင်ပြည်နယ် ကျောက်မျက်လုပ်ငန်းရှင်များ အသင်းမှ ကျင်းပသည့် ဒုတိယအကြိမ်မြောက် မြစ်ကြီးနား ကျောက်မျက်ရတနာ အရိုင်း/ဖြတ်သားပြပွဲတွင် အတွဲပေါင်း ၃၀၀ ကျော် ရောင်းချခဲ့ရကြောင်း ပြည်နယ်ကျောက်မျက် လုပ်ငန်းရှင် များအသင်းမှ သိရသည်။

မြစ်ကြီးနားမြို့ စက်မှုရပ်ကွက်၌ မေလ ၁၄ ရက်မှ စတင်ပြီး ငါးရက်တိုင်တိုင် ကျင်းပခဲ့သည့် ယင်းပြပွဲတွင် အေဘီစီဒီအဆင့်ရှိ ကျောက်မျက်အတွဲ ၄၉၂ တွဲ ပြသရောင်းချခဲ့ရာမှ အတွဲပေါင်း ၃၀၀ ရောင်းချခဲ့ရခြင်း ဖြစ်သည်။

“ဒီ တစ်ခေါက်ကတော့ အရင်တစ်ခါကထက် ပိုပြီးအောင်မြင်တယ်လို့ ပြောလို့ရတယ်။ အတွဲပေါင်းလည်း ပိုများလာတယ်။ ၈၀ ရာခိုင်နှုန်းလောက် ရောင်းထွက်တယ်ဆိုရင်တော့ မဆိုးပါဘူး”ဟု ပြည်နယ်ကျောက်မျက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးဇေလွမ်းက ပြောသည်။

ယင်း ကျောက်မျက်ပြပွဲများ ပြုလုပ်လာရခြင်းမှာ ကချင်ပြည်နယ် သည် ကျောက်စိမ်း ထွက်ရှိရာ ဒေသဖြစ်သော်လည်း မိမိတို့ ပြည်နယ်အတွင်း ကျောက်စိမ်းဈေးကွက် ထင်သလောက် မဖြစ်ထွန်းသေးသဖြင့် ဆောင်ရွက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

  “ကျောက်က ကိုယ့်ပြည်နယ်က ထွက်ပြီးတော့ ဈေးကွက်က မရှိဘူးဖြစ်နေတယ်။ ဒါကြောင့် အခုလို နေပြည်တော်မှာရော မြစ်ကြီးနားမှာပါ ပြသလို့ရအောင် လုပ်တာပါ”ဟုလည်း ဦးဇေလွမ်းက ဆက်လက်ပြောသည်။

ပထမအကြိမ် ကျောက်မျက်ရတနာ ပြပွဲကို ၂၀၁၈ ခုနှစ် မတ်လ ၂၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ ငါးရက်တိုင် ကျင်းပခဲ့ရာ အတွဲပေါင်း ၃၈၈ တွဲ ပြသရောင်းချသည့်အနက် ၁၉၅ တွဲ (မြန်မာကျပ်ငွေ သန်းတစ်ထောင်ခန့်)ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ကျောက်မျက်ပြပွဲများကို တစ်နှစ်လျှင် သုံးကြိမ်ခန့် ကျင်းပပြုလုပ်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ပြီး ယခုနှစ်ကုန်တွင် ကျင်းပရန်လျာထားသည့် ကျောက်မျက်ပြပွဲကိုမူ နိုင်ငံခြားငွေဖြင့် ရောင်းချသွားရန်စီစဉ်နေကြောင်း ဦးဇေလွမ်းမှ ပြောသည်။

စည်သူ(မြစ်ကြီးနား)

LEAVE A REPLY

Please enter your comment!
Please enter your name here