ဧပြီ ၂၂
Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအနေဖြင့် ဘဏ္ဍာငွေ ကျပ်သိန်းပေါင်း တစ်သောင်းခွဲကျော် သုံးစွဲထားကြောင်း ပြည်နယ်အစိုးရအဖွဲ့ရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဇော်က ပြောသည်။
ပြီးခဲ့သည့် လမှ စတင်ကာ ပြည်နယ်အစိုးရအနေဖြင့် ဘဏ္ဍာငွေ ရှာဖွေရေး အဖွဲ့ဖွဲ့ပြီး အလှူငွေကောက်ခံခဲ့ရာ ကျပ်သိန်း သုံးထောင်ကျော် ရရှိခဲ့ပြီး ပြည်နယ်အစိုးရ ဘတ်ဂျတ် ကျပ်သိန်း တစ်သောင်းနှစ်ထောင်နှင့် စုစုပေါင်း သိန်းပေါင်း တစ်သောင်းခွဲကျော် ရရှိခဲ့ပြီး သုံးစွဲခဲ့သည့် ဘတ်ဂျတ်အား အမျိုးသားအဆင့် ဗဟိုကော်မတီမှ ပြန်လည်ချထားပေးသွားမည် ဖြစ်ပြီး လက်ရှိချိန်တွင် သက်ဆိုင်ရာ မြို့နယ်ခရိုင်အလိုက် သုံးစွဲထားပြီး ဖြစ်ကြောင်းလည်း သိရသည်။
အလှူရှင်များ ထည့်ဝင်ခဲ့သည့် ကျပ်သိန်းပေါင်း သုံးထောင်ကျော်အား အခြေခံလူတန်းစားများ အတွက် စားသောက်ကုန်လှူတန်းသည့် နေရာတွင် သုံးစွဲထားကြောင်းလည်း ဦးဇော်ဇော်က ပြောသည်။
”ဧပြီ လဆန်းမှာပဲ အခြေခံလူတန်းစားတွေကို စားသောက်ကုန် ငါးမျိုးလှူတန်းရမယ်လို့ ပြောတော့ အဲ့ဒီအလှူခံငွေနဲ့ သုံးစွဲခဲ့တယ်။ ပြည်ထောင်စုကတော့ ခေတ္တစိုက်ထားပေးပါ။ ကုန်ကျငွေကို အမျိုးသားအဆင့် ဗဟို ကော်မတီကနေ ပြန်ထုတ်ပေးဖို့ ညွှန်ကြားထားတယ် ။ အဲ့ဒီတော့ ကျန်တော်တို့က ကျပ်သန်းပေါင်း တစ်ထောင့်ငါးရာကျော် ကုန်ကျနိုင်တယ်လို့ တင်ထားပါတယ်။ ” ဟုဦးဇော်ဇော်မှ ဆိုသည်။
ယင်းအပြင် ပြည်နယ်အစိုးရအနေဖြင့် တရုတ်နိုင်ငံမှဝင်ရောက်နေသည့် ပြည်တော်ပြန်များအား လက်ခံစိစစ်သည့် နေရာများနှင့် COVID-19 အတွက် ကြိုတင်ပြင်ဆင်မှု ပြုလုပ်သည့် နေရာများတွင် ဘဏ္ဍာငွေများ သုံးစွဲခဲ့ကြောင်းလည်း ဦးဇော်ဇော်က ဆက်လက်ပြောသည်။
”လွယ်ဂျယ်မှာအခု ပြည်တော်ပြန်တွေအတွက် တဲတွေဆောက်ရတယ်။ ခေါင်းအုံး ခြင်းထောင် စောင်၊ မွေ့ယာတွေလည်း ဆရာတို့ ဘက်က ဝယ်ပေးရတယ်။ တွေ ရေတွေ မီးတွေ လိုအပ်တာတွေ သုံးစွဲပေးရတယ်။ နောက် မြစ်ကြီးနား ဆေးရုံမှာ ပြည်နယ်ဆေးရုံကြီးဖြစ်တဲ့အတွက် ဖြစ်လာရင် လူနာထားဖို့အတွက် ၍ Isolation Ward ၃၂ယောက်စာ စီစဉ်နေတယ်။ အဲ့အတွက် လိုအပ်တဲ့ ဆေးဝါးတွေ ပြင်ထားတယ်။ အခြေခံဆေးရုံသုံးပစ္စည်းဖြစ်တဲ့ လိုအပ်တဲ့ ပီပီအီးတွေ လက်အိတ်တို့၊ မတ်တွေ၊ ဗဟိုကလည်း ထောက်ပံ့ပေးသလို ပြည်ထောင်စုကလည်း ထောက်ပံ့ပေးတယ်။ အလှူရှင်တွေလည်း ပံ့ပိုးကူညီကြပါတယ်။ အဲ့တာတွေကိုတော့ ပြည်နယ်ကျန်းမာရေးကို လွဲထားပေးတယ်။” ဟု ဦးဇော်ဇော်မှ ရှင်းပြသည်။
လက်ရှိချိန်ထိ ကုန်ကျငွေ ကျပ်သိန်းပေါင်း တစ်သောင်းနှစ်ထောင်ကျော် ပြည်နယ်အစိုးရ ဘတ်ဂျက်ကနေ စိုက်ယူသုံးစွဲထားပြီး ပြည်ထောင်စုတွင် ပြန်လည်တောင်းခံရန် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှဘတ်ဂျက်တင်ထားပြီး ဖြစ်ကြောင်းလည်း သိရသည်။
Ann | မွန်းမွန်းပန်







