ဧပြီ ၂၂
မြစ်ကြီးနားလေဆိပ်မှ လေကြောင်းပြေးဆွဲမှုများအား Covid-19 ကြောင့် ဧပြီလကုန်အထိ ရပ်နားထားမည် ဖြစ်ကြောင်းသိရသည်။
လေကြောင်းလိုင်းပြေးဆွဲရာတွင် သင်္ကြန်ကာလအတွင်းဖြစ်သည့် ဧပြီ ၁၃ရက် နေ့မှ ၁၉ရက်နေ့အထိ ရပ်ဆိုင်းထားခဲ့ပြီး လက်ရှိတွင်လည်း Covid-19 ကြောင့် ယခုလကုန်အထိ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း မြစ်ကြီးနားလေဆိပ် မန်နေဂျာ ဦးစောနွဲ့ဖဟိန်းစေ က မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
”အခုရောဂါပြန့်ပွားမှုကနည်းနည်းများလာလို့ အခုလကုန်အထိ လေယာဉ်ပြေးဆွဲမှုတွေကို ရပ်ထားတယ်။ လောလောဆယ်မရှိဘူး။” လို့ မြစ်ကြီးနားလေဆိပ်မန်နေဂျာ ဦးစောနွဲ့ဖဟိန်းစေ ကဆိုသည်။
လေယာဉ်ပြေးဆွဲမှုကို Covid-19 ရောဂါပြန့်ပွားမှုအခြေအနေပေါ် မူတည်ပြီး ပြေးဆွဲသွားမည်ဖြစ်ပြီး မည်သည့်အချိန်တွင် ပြေးဆွဲသွားမည်ကို ပြောဆို၍မရသေးကြောင်းလည်း လေဆိပ်မန်နေဂျာက ပြောသည်။
”ဘယ်တော့လောက်ပြန်စဖွင့်ဖို့က မပြောနိုင်ဘူး။ ဒီရောဂါပြန်ပွားမှုက ပြီးသွားမှာလား၊ မပြီးသွားလား အဲ့ဒီပေါ်မှာမူတည်ပြီးမှ လေကြောင်းလိုင်းက ပြန်ပြီးဆွဲသွားမှာလေ။” ဟု ဦးစောနွဲ့ဖဟိန်းစေက ဆက်လက်ပြောသည်။
လက်ရှိအချိန်တွင် မြစ်ကြီးနားလေဆိပ်သို့ ပြေးဆွဲသည့် လေကြောင်းလိုင်း ၅ လိုင်း ရှိကြောင်းလည်းသိရသည်။
မျိုးမြတ်မြတ်ပန်







