တရုတ်အစိုးရက  မြန်မာနိုင်ငံသားများကို ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပြီး ပြည်တော်ပြန်ပို့

1371

ဧပြီ ၂၃

တရုတ်အစိုးရက မြန်မာနိုင်ငံသားများကို ပြည်တော်ပြန်ပို့ရာတွင် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပြီး ပြန်စေသည်ဟု တရုတ်ပြည်တော်ပြန်တစ်ဦး ကပြောသည်။

ပြည်တော်ပြန်များကို ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း စီးနင်းရမည့် ကားများကို ပိုးသတ်ဆေးဖြန်းခြင်း မပြုလုပ်ထားကြောင်း ဧပြီလ ၂၂ ရက်နေ့က တရုတ်နိုင်ငံမှ  မြစ်ကြီးနား ကုန်တင်ကုန်စခန်းသို့ ရောက်ရှိလာသူ  ပြည်တော်ပြန် မခေါန်ဒွဲက ပြောသည်။

”သူတို့က မြန်မာနိုင်ငံကို ပြန်ပို့မယ်ပဲပြောတယ်။ တခြားတော့ ဘာမှမပြောဘူး။ ကိုရိုနာဗိုင်းရပ်စ်ဖြစ်နေလို့ ပြန်ပို့တာတော့ မပြောဘူး။ တရုတ်ပြည်ကနေ မြန်မာကိုပို့တဲ့အချိန်မှာ ကားတစ်စီးမှာ လူအယောက် ၂၀လောက်တော့စီးကြတယ်။” လို့ မခေါန်ဒွဲက ဆိုပါတယ်။

တရုတ်နိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသားများကို  ကန်ပိုင်တည် နယ်စပ်ဂိတ်ရောက်ချိန်တွင် မြန်မာအစိုးရကပေးသည့် စောင်၊ ခြင်ထောင်များ ရရှိခဲ့ကြောင်းလည်း မခေါန်ဒွဲက ပြောသည်။

အလားတူ တရုတ်နိုင်ငံမှ ပြန်လာသူတစ်ဦးကလည်း မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရာတွင် ဘတ်စ်ကားဖြင့်  တစ်ဦး နှင့် တစ်ဦး သုံးပေအကွာမှ လိုက်ပါခဲ့ရကြောင်း ပြောဆိုသည်။

”သူတို့နိုင်ငံမှာတော့ ဒီရောဂါအခြေအနေကိုတော့ ဒီလောက်ထိစိုးရိမ်စရာမလိုတော့ဘူးလို့ဆိုပြီးတော့ ပြောပါတယ်။ မာစ်းတပ်ပြီးမှ ကိုယ်နေရာနဲ့ကိုယ်ထိုင်ရတယ်။ စကားလည်းမပြောခိုင်းဘူး။” ဟု ပြောသည်။

လွယ်ဂျယ်နယ်စပ်ဂိတ်သို့ ရောက်ရှိချိန်တွင် ကိုယ်ပူချိန်တိုင်းတာခြင်းများ ပြုလုပ်ပေးကြောင်း နှင့်   လမ်းခရီးတလျောက်လုံးတွင် အခက်အခဲမရှိကြောင်း တရုတ်ပြည်တော်ပြန်က ဆက်လက်ပြောကြားသည်။

လက်ရှိအချိန်ထိ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ခေတ္တနားနေရာ ကုန်တင်ကုန်ချ စခန်းသို့ တရုတ်နိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား စုစုပေါင်း ၁၃၀ဝ ကျော် ရောက်ရှိခဲ့ပြီး ဖြစ်သည်။

မျိုးမြတ်မြတ်ပန်

LEAVE A REPLY

Please enter your comment!
Please enter your name here