ဇွန် ၈
ကေအိုင်အို ထိန်းချုပ်နယ်မြေဖြစ်သည့် လိုင်ဇာမြို့နှင့် မိုင်ဂျာယာန်မြို့တို့တွင် Quarantine ဝင်နေသူ စုစုပေါင်း (၁၆၂)ဦး ရှိနေကြောင်း ကေအိုင်အို Covid-19 ရောဂါ ကာကွယ်နှိမ်နင်းရေးကော်မတီ၏ ဇွန်လ(၆)ရက်နေ့ စာရင်းအရ သိရသည်။
ကေအိုင်အို ထိန်းချုပ်နယ်မြေရှိ Quarantine ဝင်နေသူများသည် တရုတ်ပြည်တွင် အလုပ် သွားလုပ်နေသူများ၊ ဖားကန့်မြို့နှင့် မြစ်ကြီးနားမြို့တို့မှ ပြန်လာသူများဖြစ်ကြောင်း ကေအိုင်အို Covid-19 ရောဂါ ကာကွယ်နှိမ်နင်းရေး ကော်မတီက အတွင်းရေးမှူး ဦးဟိန်းဝေါမ်က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောသည်။
“အခုတလောတော့ သံသယလူနာ မတွေ့ရှိရသေးဘူး။ ကျွန်တော်တို့မှာ ပြည်သူတွေကို လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို အမြဲတမ်းလိုက်နာခိုင်းစေပါတယ်။ လိုင်ဇာမှာရော မိုင်ဂျာယာန်မှာရော ဘာမှမဖြစ်ဘူး”ဟု ၎င်းက ပြောသည်။
ဇွန်လ (၅)ရက်နေ့တွင်လည်း ကေအိုင်အို Covid-19 ရောဂါ ကာကွယ်နှိမ်နင်းရေးကော်မတီ ခေါင်းဆောင်နှင့် ကော်မတီဝင်များက မိုင်ဂျာယာန်မြို့သို့သွားရောက်ကာ အရှေ့ပိုင်းတိုင်း Covid-19 ရောဂါ ကာကွယ်နှိမ်နင်းရေးကော်မတီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံမှုပြုလုပ်ခဲ့သည်။
အဆိုပါ တွေ့ဆုံမှုတွင် Covid-19 နှင့် ပတ်သက်သည့် လုပ်ငန်းများကို ဆွေးနွေး တိုင်ပင် အကြံပေးခြင်း၊ Quarantine Center တွင် သွားရောက်ကာ အားပေးစကားပြောခြင်းများ ပြုလုပ်ခဲ့ကြောင်း ကေအိုင်အို Covid-19 ရောဂါ ကာကွယ်နှိမ်နင်းရေး ကော်မတီ၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။
ကေအိုင်အို Covid-19 ရောဂါ ကာကွယ်နှိမ်နင်းရေးကော်မတီမှ လာမည့်ဇွန်လ (၁၀)ရက်နေ့တွင် -Covid-19 နှင့် ပတ်သက်သည့် ကိစ္စရပ်များကို ပြန်လည်သုံးသပ်သည့် အစည်းအဝေးကို ကျင်းပသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
မျိုးမြတ်မြတ်ပန်







