စီးပွားရေးကုစားမှုအစီစဉ်အနေဖြင့် နိုင်ငံတော်အစိုးရက ကိုယ်ဝန်ဆောင်မိခင်များ၊ (၂)နှစ်အောက် နို့တိုက်ကလေးငယ်များ၊ အသက် (၈၅)နှစ်အထက် ဘိုးဘွားများနှင့် မသန်စွမ်းများကို ထပ်မံထောက်ပံ့မည်

704

ဇွန် ၃
Covid-19 (Economic Relief Plan) ကပ်ရောဂါဖြစ်ပွားနေသည့် ကာလဖြစ်သောကြောင့် စီးပွားရေးကုစားမှုအစီစဉ် အနေဖြင့် နိုင်ငံတော်အစိုးရက ကိုယ်ဝန်ဆောင်မိခင်များ၊ (၂) နှစ်အောက် နို့တိုက်ကလေးငယ်များ၊ အသက်(၈၅)နှစ် အထက် ဘိုးဘွားများနှင့် မသန်စွမ်းများကို ထောက်ပံ့ပေးသည့် အစီအစဉ်ကို ယခုလကုန်ပိုင်းခန့်တွင်လည်း ထပ်မံထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဒုတိယအကြိမ် ပြန်လည်ထောက်ပံ့ပေးမည့် ယခုအစီအစဉ်တွင် ယခင်ထောက်ပံ့ပေးစဉ်က မရရှိသူများကို စာရင်းကောက်ခံပြီး ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသက်လှိုင်ထွန်းက ပြောသည်။

ကိုယ်ဝန်ဆောင်မိခင်များ၊ (၂)နှစ်အောက် နို့တိုက်ကလေးငယ်များ၊ အသက် (၈၅)နှစ်အထက် ဘိုးဘွားများ ပါဝင်မည်ဖြစ်ပြီး၊ စစ်ရှောင်စခန်းရှိ ကိုယ်ဝန်ဆောင်နှင့် အသက်(၂)နှစ်အောက် နို့တိုက်မိခင်များကိုယခင်ကတည်းက ထောက်ပံ့မှု အစီစဉ်ကို ပုံမှန်ဆောင်ရွက်နေကြဖြစ်ကြောင်းနှင့် ယင်းထောက်ပံ့ခြင်းကို ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နာဂ၊ ကရင်ပြည်နယ်တွင်၌လည်း ပေးပြီးဖြစ်ကြောင်း သိရသည်။

“အခုက Covid-19 ကာလဖြစ်တဲ့အတွက် တစ်နိုင်ငံလုံးအနေနဲ့ One Time Support အနေနဲ့ ပေးမှာဖြစ်တယ်။ (၃၀,၀၀၀) နဲ့ (၁၀,၀၀၀)ကို ထောက်ပံ့ပေးမှာဖြစ်တယ်။ အဲဒီအပြင် လူမှုရေးပင်စင် ခံစားနေတဲ့ အသက် (၈၅)နှစ်အရွယ် အဘိုးအဘွားတွေကို လစဉ် (၁၀,၀၀၀) ပေးတယ်။ Covid-19 ကာလအနေနဲ့ တစ်လုံးတစ်ခဲတည်းနဲ့ (၃၀,၀၀၀) ထောက်ပံ့မှာဖြစ်ပါတယ်”ဟု ဦးသက်လှိုင်ထွန်းက ပြောသည်။

ပထမအကြိမ် ထောက်ပံ့မှုကို မေလ (၁၈) ရက်နေ့ကစပြီး မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ မိုးညှင်း၊ မိုးကောင်းမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းက (၂)နှစ်အောက် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်များ၊ မသန်စွမ်းများနှင့် အသက်(၈၅)နှစ်အထက် ဘိုးဘွားများကို ထောက်ပံ့ပေးခဲ့ပြီး ဖြစ်ပြီး၊ ယခုပြန်လည် ထောက်ပံ့မည့် အစီအစဉ်တွင် ချီဖွေနှင့် တနိုင်းမြို့အတွင်းရှိ ကျန်ရှိနေသေးသော စစ်ရှောင်စခန်းများအပြင် ကချင်ပြည်နယ်အတွင်းရှိ (၂)နှစ်အောက် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်များ၊ မသန်စွမ်းများနှင့် အသက် (၈၅)နှစ်အထက် ဘိုးဘွားများကိုလည်း ထောက်ပံ့ပေးသွားရန် စီစဉ်နေကြောင်း သိရသည်။

“Covid-19 ((Economic Relief Plan) ဖြစ်တာကြောင့် ဒါကတော့ One Time Plan အနေနဲ့ ပေးတာ ဖြစ်ပါတယ်။ ထောက်ပံ့ငွေတွေကို နိုင်ငံတော်အစိုးရရဲ့ ဘတ်ဂျက်အခန်းကနေ သွားသလို၊လက်ရှိ အခြေအနေမှာကတော့ LEAF Fund ကနေရန်ပုံငွေ ရရှိထားပါတယ်။ အဲ့ဒီကနေ အမေရိကန်ဒေါ်လာ (၉)သန်း အကူအညီ ရရှိထားတာ ဖြစ်ပါတယ်”ဟု ကချင်ပြည်နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသက်လှိုင်ထွန်းက ပြောသည်။

ကိုယ်ဝန်ဆောင်နှင့် (၂)နှစ်အောက် ကလေးအတွက် one time ပေးသွားမည်ဖြစ်ပြီး၊ အသက် (၈၅)နှစ်အထက် ပင်စင်ကိုတော့ လစဉ်ထောက်ပံ့ပေးနေသည့် ပင်စင်(၁၀,၀၀၀)ကျပ်အပြင် Covid respond plan အနေဖြင့်ပေးသည့် (၃၀,၀၀၀)ကျပ်ကိုလည်း ထပ်ဆောင်းရရှိမှာဖြစ်ကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားချိန်ကာလ၌ အမှန်တကယ် ရုန်းကန်နေရသည့် (၂)နှစ်အောက် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်များ၊ မသန်စွမ်းများနှင့် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအတွက် ကျန်းမာရေးနှင့် အာဟာရပြည့်ဝစွာ ဆောင်ရွက်နိုင်ရေးကိစ္စများတွင် အကျိုးရှိစွာသုံးစွဲနိုင်ရန်၊ နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ဦးသက်လှိုင်ထွန်းက ဆိုသည်။

မွန်းမွန်းပန်၊ Ann

LEAVE A REPLY

Please enter your comment!
Please enter your name here