UPDJC တွင်ပါဝင်သည့် နိုင်ငံရေးပါတီ အစုအဖွဲ့များက မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ညီလာခံတက်ရောက်စေချင်

707

သြဂုတ် ၁၅

မကြာမီကျင်းပမည့် ၂၁ရာစုပင်လုံညီလာခံစတုတ္ထအစည်း အဝေးသို့ ဖိတ်ကြားခံရသည့် FPNCC အဖွဲ့များကို ငြိမ်းချမ်းရေးတွင် အားလုံးပါဝင်မှသာ ပြည့်စုံမည်ဖြစ်သည့်အတွက် တက်ရောက်စေချင်သည် ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီအစုအဖွဲ့မှ တာဝန်ရှိသူတို့က ပြောသည်။

ပြည်ထောင်စုပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်းမရှိသေးသည့် မြောက်ပိုင်းမဟာမိတ်တိုင်းရင်းသားလက်နက်ကိုင် ၆ ဖွဲ့ စုပေါင်းထားတဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)သည့် လာမည့် ညီလာခံ စတုတ္ထအစည်းအ‌ဝေးကို မတက်ရောက်နိုင်ကြောင်း သြဂုတ်လ၁၃ ရက်က ထုတ်ပြန်ထားသည်။

လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ အားလုံးပါဝင်ရေးကို သဘောကျသော်လည်း ထိုသို့ မတက်ရောက်နိုင်တဲ့အပေါ် စိတ်မကောင်းဖြစ်မိကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီအစုအဖွဲ့မှ ဒေါက်တာတူးဂျာ ကပြောသည်။

” ကျွန်တော်ကတော့ မူအားဖြင့် အားလုံး ပါဝင်ရေးကို သဘောကျတယ်။ ဘာကြောင့်လဲဆို အားလုံးမှာ တာဝန်ရှိတယ်။ အားလုံးရဲ့ အသံတွေ ကြားရမှ၊ သဘောထားတွေ ရရှိမှ ပိုပြီး ပြည့်စုံမှာပေါ့လေ။ အားလုံးပါဝင်လို့ ရှိရင်တော့ လက်ရှိ သဘောထားဆုံးဖြတ်ချက် ချတဲ့နေရာမှာ ပိုပြီး ကောင်းမွန်တဲ့ အနေအထား ရောက်ရှိနိုင်တာပေါ့။ မတက်နိုင်တာတော့ စိတ်မကောင်းစရာတော့ ဖြစ်တာပေါ့။ သူတို့ရဲ့ အခြေအနေအရ မလာဖြစ်တာလို့ပဲ ယူဆပါတယ်။ နောင်အခါကျရင်တော့ အားလုံးပါဝင်နိုင်ရေးကို အစိုးရက ရှေးရှုပြီး လုပ်ဆောင်နိုင်ရင်တော့ အကောင်းဆုံးဖြစ်မယ်လို့ ယူဆပါတယ်” ဟု ၎င်းကပြောသည်။

JICMမှာ သဘောတူထားသည့် အချက်များကို အဆုံးသတ်ဆွေးနွေးသွားမည် ဖြစ်သောကြောင့် FPNCC အနေနဲ့ ညီလာခံသို့ တက်ခြင်း၊ မတက်ခြင်းဟာ ညီလာခံအပေါ် အကျိုးသက်ရောက်မှု ရှိမှာမဟုတ်သော်လည်း ညီလာခံတွင် အားလုံးကို ပူးပေါင်းပါဝင်စေလိုကြောင်း UPDJC နိုင်ငံရေးပါတီအစုအဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးစိုင်းကျော်ညွှန့်က ပြောသည်။

” သူတို့အနေနဲ့ ဒီညီလာခံကို လာခြင်း၊ မလာခြင်းက ဒီညီလာခံအပေါ်မှာတော့ ဘာမှ သိပ်အကျိုးသက်ရောက်မှု မရှိဘူး။ ဘာလို့ဆို JICMမှာ သဘောတူထားတဲ့ဟာတွေကိုပဲ ညီလာခံမှာ အဆုံးသတ် ဆွေးနွေးပြီးတော့ ပြည်ထောင်စု သဘောတူစာချုပ် ချုပ်မှာဆိုတော့။ ပြီးတော့ ဒီညီလာခံမှာလည်း သူတို့ရဲ့ အခန်းကဏ္ဍက သိပ်မရှိဘူး။ မရှိဘူးဆိုတော့ သူတို့ လာသည်ဖြစ်စေ၊ မလာသည် ဖြစ်စေ အစိုးရတော့ လုပ်သွားမယ်ထင်တယ်။ ကျွန်တော်တို့ သဘောကျတာတော့ အားလုံး လာနိုင်ရင်တော့ ကောင်းတယ်။ ကျွန်တော်တို့ ဒီဖြစ်စဉ်မှာ ပါခဲ့ဖူးတဲ့ အဖွဲ့အစည်းတွေ အားလုံးကို ဖိတ်ကြားပါလို့ ပြောချင်ပါတယ်” ဟု ဦးစိုင်းကျော်ညွှန့်ကပြောသည်။

၂၁ရာစု ပင်လုံစတုတ္ထအကြိမ်အစည်းအဝေးကို တက်ရောက်ရန် တိုင်းရင်းသားလက်နက်ကိုင် ၆ ဖွဲ့ စုပေါင်းထားသည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC)မှ ရက္ခိုင့်တပ်မတော်( AA)ကို ဖိတ်ကြားခြင်း မရှိခဲ့တဲ့အပေါ်လည်း စိတ်မကောင်းဖြစ်ရသည်ဟု ထုတ်ပြန်ထားသည်။
FPNCC အဖွဲ့ဝင်များဖြစ်သည့် UWSP (ဝ)၊ မိုင်းလားအဖွဲ့၊ ၊ ကိုးကန့်အဖွဲ့ MNDAA၊ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (TNLA)၊ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSAနဲ့ ရက္ခိုင့်တပ်မတော်( AA) စသည့်အဖွဲ့များက သြဂုတ်လ(၁၃)ရက်က ပန်ဆန်းတွင် ကျင်းပသည့် FPNCC အစည်းအဝေးဆုံးဖြတ်ချက်အရ ညီလာခံသို့ မတက်ရောက်ရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

ညီလာခံသို့ မတက်ရသည့် အဓိကအကြောင်းအရင်းမှာ Covid-19 ကပ်ရောဂါပြန့်ပွားနေသည့် ကာလတွင် ကျင်းပသည့်အတွက် တောင်ပေါ်နယ်စပ်ဒေသများ၌ ဆေးဝါးကုသရေး အားနည်းမှု၊ ဆေးဝါးကုသမှု စက်ကိရိယာတွေ မပြည့်စုံမှု၊ Covid-19 ရောဂါထိန်းချုပ်ရေးကာလအတွင်း အသွား၊ အလာ ခရီးများ စီစဉ်ရာတွင် အခက်အခဲ ရင်ဆိုင်နေရခြင်းကြောင့် ညီလာခံ မတက်ရောက်နိုင်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

ယင်းအပေါ် ကေအိုင်အိုသတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို ယခုလို ရှင်းပြပြောဆိုသည်။

” FPNCCရဲ့ ထုတ်ပြန်ချက်ထဲက အတိုင်းပါပဲ။ အခုအချိန်က Covid-19ရောဂါကြောင့် ကျွန်တော်တို့အတွက် တက်ရောက်ဖို့ ခက်ခဲတယ်။ တစ်ခုရှိတာက ကျွန်တော်တို့ KIO အနေနဲ့ သူတို့ ညီလာခံ ဖြစ်မြောက်ရေးကော်မတီဆီ ကျန်းမာရေးအရ မသွားရောက်နိုင်ကြောင်း စာပြန်ခဲ့တယ်။ ညီလာခံ မတက်ရောက်နိုင်ပေမဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံရေးဆွေးနွေးမှုတွေကို ပျက်ပြယ်သွားမှာကိုတော့ မလိုလားဘူး ” ဟု KIO သတင်းနဲ့ ပြန်ကြားရေးတာဝန် ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

၂၁ရာစုပင်လုံညီလာခံစတုတ္ထအစည်းအဝေးကို လာမည့် သြဂုတ်လ ၁၉ရက်နေ့မှ ၂၁ရက်နေ့အထိ ၃ရက်တာ ကျင်းပသွားမည် ဖြစ်သည်။
ယခင်နှစ်များက ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံများတွင်လည်း မြောက်ပိုင်း မဟာမိတ်အဖွဲ့များ အနေဖြင့် အစိုးရ၏ ဖိတ်ကြားမှုနှင့်အတူ လေ့လာသူအနေဖြင့် တက်ရောက်ခဲ့ကြသည်။


Benadeth

LEAVE A REPLY

Please enter your comment!
Please enter your name here