စက်တင်ဘာ ၂၁
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုသည် အချိန်ကြာမြင့်နိုင်သောကြောင့် ငွေကြေးအမြောက်အမြား ရင်းနှီးကာ ကျောက်စိမ်း ဝယ်ယူမှုများကို စဉ်းစားပြုလုပ်သင့်ကြောင်း မြန်မာနိုင်ငံကျောက်မျက် လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ကိုကျော်သူရက ဆိုသည်။
“ကိုယ့်လက်ထဲမှာ ငွေပိုရှိရင်တော့ ကျောက်ဝယ်ရင်ဝယ်၊ ငွေပိုမရှိရင်တော့ ကိုဗစ်ကာလ ကြာမှာဖြစ်တဲ့အတွက် အတိုးတွေနဲ့ ဝယ်တာမလုပ်ကြဘဲနဲ့ စိတ်ရှည်ရှည်နဲ့ပဲ စောင့်ကြဖို့ပေါ့”ဟု ကိုကျော်သူရက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောသည်။
လက်ရှိအချိန်တွင် covid-19 ရောဂါ ဖြစ်ပွားမှုကြောင့် ကျောက်စိမ်း ဝယ်လက်ရှားပါးနေပြီး၊ ပြည်တွင်း ပြည်ပ ကျောက်စိမ်း ရောင်းဝယ်ရေး ဈေးကွက် ကျဆင်းလျက် ရှိနေကြောင်း သိရသည်။
ကျောက်စိမ်းကုန်သည် တစ်ဦးဖြစ်သည့် ဦးအားဆီးက “တရုတ်ပြည်မှာလည်း ဝယ်လက်မရှိဘူး။ လောပန်းတွေ မလာဘူး။ ကျောက်စိမ်းက တရုတ်ငွေတစ်ရာ နှစ်ရာလောက်တန်တွေ လောက်ပဲ ရောင်းရနေတာ။ လောလောဆယ်တော့ ကျောက်စိမ်းလည်း မရှိဘူး။ ရှားတယ်။ အခြေအနေ မကောင်းဘူးပေါ့”ဟု မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောသည်။
မိုးတွင်းကာလ မြန်မာပြည် ကျောက်စိမ်းလုပ်ကွက် ပိတ်ခြင်းကြောင့် တရုတ်ပြည်တွင် ကျောက်စိမ်းရှားပါးကာ ဈေးကွက်အခြေအနေ ကောင်းနေသော်လည်း မြန်မာနိုင်ငံတွင် ဃသလငိ ၁၉ ဒုတိယလှိုင်း ပြန်လည်ဖြစ်ပွားလာမှုကြောင့် ပြည်တွင်းသို့ လာရောက်ဝယ်ယူသည့် ကျောက်စိမ်း ဝယ်လက်ရှားပါးကာ ပြည်တွင်းဈေးကွက် ပျက်ခဲ့ရကြောင်း ကိုကျော်သူရက ဆိုသည်။
“အခုတော့ မန်းလေး ကျောက်ဝိုင်းတွေလည်း ဖွင့်တော့မလိုလိုနဲ့ ရောဂါက ပြန်ဖြစ်လာတော့၊ လုံးလုံး ပြန်ပိတ်သွားတယ်။ အဲ့တော့ ပြည်တွင်းဈေးကွက်က အရောင်းအဝယ် လုံးလုံးကြီးကို ရပ်တန့်သွားတာ ဖြစ်တယ်။ လောလောဆယ်တော့ ပြည်တွင်းဈေးကွက်ကတော့ ဈေးကောင်းတာ မကောင်းတာထက်ကို အရောင်းအဝယ် လုံးလုံးကြီးကို ရပ်တန့်သွားတယ်”ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် စတင်ဝင်ရောက်လာသည့် ၂၀၂၀ခုနှစ် အစောပိုင်းကာလမှ စတင်ကာ အရောင်းအဝယ် လမ်းကြောင်း ပိတ်ဆို့ကာ ကျောက်စိမ်းတန်ကြေး ဈေးကျသွားခြင်း မရှိသော်လည်း ကျောက်စိမ်းဝယ်လက် ရှားပါးမှုများကို ကြုံခဲ့ရသည်။
ယခုထက် ရောဂါကူးစက်မှုအခြေအနေ ပိုမို ဆိုးရွားလာလျှင် ကျောက်စိမ်းဈေးကွက် ပိုမို ငြိမ်သက် သွားနိုင်ဖွယ် ရှိကြောင်း ကချင်ကျောက်စိမ်း လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦး ဇေလွမ်းက ပြောသည်။
“ကျောက်စိမ်းက တကယ့် လက်တွေ့ထဲမှာ မရှိမဖြစ်ထဲ မပါဘူးလေ။ သူက အလှကုန်ဆိုတော့ အရမ်းကြီး ဆိုးလာရင်တော့ ဈေးကွက်အခြေအနေ တော်တော်လေး ငြိမ်သွားမယ်”ဟု ဆိုသည်။
လက်ရှိအချိန်တွင် ကိုယ်ပိုင် အဆက်အသွယ်များဖြင့်သာ ကျောက်စိမ်း တင်ပို့ရောင်းချမှုတွေ ပြုလုပ်နေကြရပြီး သာမန် လက်လုပ်လက်စား ဖြစ်သည့် ရေမဆေးသမားများ အတွက် အခက်အခဲများ ရှိနေကြောင်း ဦးဇေလွမ်းက ပြောသည်။
“တကယ်တမ်းကျရင် ကချင်ပြည်နယ် အနေအထားအရ ကျောက်စိမ်းမှာ မှီခိုတဲ့သူတွေ တော်တော်များတယ်။ အောက်ခြေက လူတွေကော ရေမဆေးအဖွဲ့တွေဆိုရင် သူတို့နောက်မှာ မိသားစုတွေများတယ်။ ရေမဆေးကောက်တဲ့သူတစ်ဦးရဲ့ နောက်မှာ မိသားစု လေးငါးယောက်ရှိတော့ တော်တော်လေးတော့ ကျပ်တည်းသွားမှာပေါ့လေ”ဟု ၎င်းက ပြောသည်။
ကမ္ဘာနှင့်အဝန်း ဖြစ်ပွားနေသည့် ကပ်ရောဂါဖြစ်သောကြောင့် ရောဂါပျောက်ကင်းပြီး ဈေးကွက် စီးပွား ပြန်လည်ကောင်းမွန်လာမည့် အချိန်ကိုသာ စောင့်ကြည့်ရန်လိုအပ်ကြောင်း ကိုကျော်သူရက တိုက်တွန်းပြောကြားသည်။
မြန်မာနိုင်ငံ အတွင်း ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ပျံ့နှံ့လာချိန်က စပြီး တရုတ်ပြည် ကျောက်စိမ်း ဝယ်လက်ရှားပါးကာ ဈေးကွက် ကျဆင်းမှုများ လက်ရှိချိန်ထိ ဖြစ်ပွားလျက် ရှိသည်။
စည်သူ(မြစ်ကြီးနား)/Ann







