မြစ်ကြီးနား ဆေးရုံအုပ်ကြီးက CDM ဝန်ထမ်းများကို မတ်လ (၁၅)ရက်နေ့ နောက်ဆုံးထား ရုံးတက်ရန် ဖိအားပေးနေ

660

မတ် ၁၂

မြစ်ကြီးနားမြို့ အထွေထွေရောဂါကု ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးသည် CDMတွင် ပါဝင်သော ကျန်းမာရေးဝန်ထမ်းများကို မတ်လ (၁၅)ရက်နေ့ နောက်ဆုံးထား ရုံးတက်ရန် ဖိအားပေးသောကြောင့် ဝန်ထမ်းအချို့ ရုံးပြန်တက်လာကြောင်း သိရသည်။

လာမည့် မတ်လ (၁၅)ရက်နေ့ နောက်ဆုံးထား၍ ရုံးပြန်တက်ရောက်မည်ဆိုပါက CDMတွင် ပါဝင်ခဲ့သည့် ပြစ်ဒဏ်ကို လျစ်လျူရှုပေးမည်ဟု ပြောကြားခဲ့ခြင်းကြောင့် ယနေ့ချိန်ထိ စာရင်းအရ ဝန်ထမ်းအယောက် (၁၀၀)ဝန်းကျင် ရုံးပြန်တက်ခဲ့ကြောင်း ကျန်းမာရေးဝန်ထမ်း တစ်ဦး က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောသည်။

” မနေ့ကနဲ့ ဒီနေ့ကို ဝန်ထမ်းတွေကို CDMမလုပ်ဖူးဆိုတာကြောင်း လက်မှတ်လာထိုးခိုင်းတယ်။ တစ်ချို့ဆရာမတွေ သွားထိုးကြတယ်လို့ ကြားတယ်။ အများအားဖြင့်တော့ ရုံးဝန်ထမ်းပိုင်းတွေ များမှာပေါ့”ဟု ဆိုသည်။

ထို့အပြင် CDMတွင် ပါဝင်မည့် ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းအိမ်ရာမှ မတ်လ (၁၄)ရက်နေ့ နောက်ဆုံးထား ဆင်းပေးရမည် ဖြစ်ကြောင်း၊ CDMဝန်ထမ်းများကို ပုဒ်မ ၅၀၅(က)ဖြင့် ဖမ်းဝရမ်းထုတ်အရေးယူသွားမည်ဟုလည်း ခြိမ်းခြောက်ပြောဆိုကြောင်း အဆိုပါဝန်ထမ်းက ပြောသည်။

သို့သော်လည်း လက်ရှိချိန်ထိ CDMလုပ်သည့် ဝန်ထမ်းများတွင် ဆရာဝန်များနှင့် သူနာပြု အများစု ပါဝင်နေဆဲ ဖြစ်ပြီး ရုံးပြန်တက်သည့် ဝန်ထမ်းများမှာ ရုံးပိုင်းဆိုင်ရာ ဝန်ထမ်းများသာ အဓိကဖြစ်ကြောင်း သိရသည်။

“အထူးကုတွေတော်တော်များများက ရုံးမှ မတက်ကြတာ။ လုပ်ငန်းတော့ မလည်ပတ်နိုင်ဘူးနဲ့ တူပါတယ်။ ဘာကြောင့်ဆို ဆရာဝန်တွေ သူနာပြုတွေ အများစု လာမတက်ကြတော့လေ”ဟု အဆိုပါ ဝန်ထမ်းမှ သူ​၏ အမြင်ကို ပြောသည်။

မြစ်ကြီးနား အထွေထွေရောဂါကု ဆေးရုံကြီးတွင် ကျန်းမာရေးဝန်ထမ်းပေါင်း (၅၀၀)ကျော် ရှိပြီး စစ်တပ် အာဏာသိမ်းစက CDMတွင်ပါဝင်သူ အယောက် (၄၀၀)ကျော် ရှိခဲ့ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here