မတ်၊၂
မြစ်ကြီးနား- ပူတာအို သွားလမ်းပေါ်က ဆွမ်ပရာဘွမ် မြို့တွင် မြစ်ကြီးနားမှ တက်လာသည့် ယာဉ်အစီး(၁၀၀)ဝန်းကျင်ကို စစ်ကောင်စီတပ်ပေါင်းစုက မဖြတ်ခိုင်းသောကြောင့် စောင့်ဆိုင်းနေရကြောင်း သိရသည်။
စက်သုံးဆီယာဉ်၊ ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်(၁၀၀) ဝန်းကျင်နှင့် လူအယောက်(၂၀၀) ဝန်းကျင် စောင့်ဆိုင်းနေရပြီး တချို့ ခရီးသည်များက စောင့်ဆိုင်းနေရသည်မှာ (၁)ပတ်ဝန်းကျင် ရှိပြီဖြစ်ကြောင်း ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
“ဆွမ်ပရာဘွမ်မှာ ကားအစီး(၁၀၀)လောက် မဖြတ်ခိုင်းဘူး။ ဆီကားရော၊ ကုန်တင်ကားရော၊ ခရီးသည်ယာဉ်ရော ပါတယ်။ လူအယောက်(၂၀၀)လောက်ရှိမယ်။ စစ်ကောင်စီ တပ်ပေါင်းစုက မဖြတ်ခိုင်းတာ။ တချို့ဆို တစ်ပတ်လောက်ရှိပြီ။ ဒီနေ့ မြစ်ကြီးက တက်လာတဲ့သူတွေရောပဲ အခု လမ်းမဖြတ်ခိုင်းပဲ နေနေကြရတယ်”ဟု ၎င်းက ပြောသည်။
မြစ်ကြီးနား- ဆွမ်ပရာဘွမ်- ပူတာအိုလမ်းသို့ သွားလာမည့် စက်သုံးဆီ၊ ကုန်တင်ယာဉ်များ မတ်လ(၂)ရက်နေ့မှ စ၍ သတ်မှတ်ထားသည့် မနက်(၆)နာရီမှ ညနေ(၅)အတွင်း ဖြတ်သန်းသွားလာခွင့်ပြုပြီ ဖြစ်ကြောင်း ပူတာအိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိ ပေးထုတ်ပြန်လိုက်သောကြောင့် ယနေ့ မြစ်ကြီးနားမှ တက်လာသည့် ယာဉ်အများအပြားလည်း ပိတ်မိနေကြောင်းလည်း သိရှိရသည်။
ဆွမ်ပရာဘွမ် စစ်ကောင်စီတပ်ပေါင်းစုမှ မည်သည့် အကြောင်းကြောင့် ဖြတ်သန်းသွားလာခွင့်မပြုကြောင်းကို မသိရှိရကြောင်းလည်း ဒေသခံတစ်ဦးက ဆိုသည်။
ပူတာအိုမြို့နယ်တွင် စစ်ကောင်စီနှင့် ကေအိုင်အေတို့ တိုက်ပွဲဖြစ်ပွားနေပြီး အင်စီယန်နှင့် ဆွမ်ပီယန်ကျေးရွာ၊ရှိန်ကပ်တောင်အနီး စစ်ကောင်စီတပ်က ယမန်နေ့ နေ့လယ် (၂) နာရီခွဲ ဝန်းကျင်က ဂျက်ဖိုက်တာ နှစ်စင်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။







