ဇွန်၊၂၃
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့က အမှတ်(၂)မူလတန်း စာသင်ကျောင်းဆောင် မိုးယိုနေတဲ့အတွက် စာသင်ကြားဖို့ အခက်အခဲ ဖြစ်နေကြတယ်လို့ သိရပါတယ်။
သစ်သားပျဉ်ထောင်အိမ်ပုံစံ သွပ်အမိုးနဲ့ ဆောက်လုပ်ထားတဲ့ အဲဒီကျောင်းဆောင်မှာ KGတန်း၊ ပထမတန်း၊ ဒုတိယတန်းနဲ့ ဆရာဆရာမ နားနေဆောင် စုစုပေါင်း ၄ ခန်းလောက် မိုးရွာတိုင်း မိုးယိုတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရတယ်လို့ နောင်မွန် ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“မိုးမယိုတဲ့ နေရာလေးမှာ ရွှေ့ထိုင်ပြီး စာသင်နေရတယ်။ ဟိုနေရာယိုလိုက်၊ ဒီနေရာ ယိုလိုက်၊ ဆရာမနားတဲ့ အခန်းထိ ယိုတယ်ဆိုတော့ တော်တော်လည်း ဒုက္ခရောက်နေကြတယ်”လို့ ဒေသခံက ဆိုပါတယ်။
ရပ်ကွက် (၅) ဘက်မှာရှိတဲ့ အထက်ပါ မူလတန်းကျောင်းဆောင်ရဲ့ သွပ်မိုးကို အခုနှစ်အတွင်းကပဲ မိုးထားပေမဲ့ အခုလို မိုးယိုလာတဲ့အတွက် သက်ဆိုင်ရာ ဌာနကနေ အမြန်ဆုံး ပြန်လည် ပြုပြင်ပေးစေလိုတယ်လို့ အထက်ပါ ဒေသခံက ပြောပါတယ်။
အဲဒီ မူလတန်းကျောင်းမှာ KG ကနေ စတုတ္ထတန်းအထိ တက်ရောက်နေတဲ့ ကျောင်းသူကျောင်းသား ဦးရေ ၁၀၀ ဝန်းကျင်လောက်ရှိပြီး လက်ရှိ မိုးယိုနေတဲ့ အခန်းတွေမှာ စာသင်နေရတဲ့ ကျောင်းသားဦးရေ ၅၀ လောက် ရှိတယ်လို့လည်း သိရပါတယ်။
နောင်မွန်မြို့အတွင်း အခုရက်ပိုင်း မိုးဆက်တိုက်ရွာသွန်းနေတဲ့အတွက် ကမ်းပါးပြိုတာတွေလည်း ဖြစ်ပေါ်ခဲ့ပြီး ကဆန်ချောင်းအနီးမှာ ဆောက်လုပ်ထားတဲ့ အမှတ်(၁)မူလတန်း ကျောင်းအနီးထိ ကမ်းပါးပြိုခဲ့တဲ့အတွက် ကျောင်းပိတ်ထားရတယ်လို့ ဒေသခံရဲ့ ပြောပြချက်အရ သိရပါတယ်။







