စက်သုံးဆီယာဉ်များအား အကန့်အသတ်ဖြင့်သာ ဖြတ်သန်းခွင့်ပြုခြင်းကြောင့် ဖားကန့်တွင် စက်သုံးဆီဆိုင်အချို့ ပိတ်ထားရ

460

ဇွန်၊၂၇

စစ်ကောင်စီကနေ စက်သုံးဆီသယ်ဆောင်တဲ့ ယာဉ်တွေကို အကန့်အသတ်နဲ့သာ ဖြတ်ခိုင်းတဲ့အတွက် ဖားကန့်ဒေသအတွင်းက စက်သုံးဆီဆိုင်အချို့ ပိတ်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြစ်ကြီးနား-ဖားကန့်လမ်းပေါ်က စစ်ကောင်စီရဲ့ နန်းယားဂိတ်မှာ စက်သုံးဆီသယ် ယာဉ်တွေကို တစ်ရက် သုံးစီးလောက်သာ ဖြတ်ခိုင်းတဲ့အတွက် အချို့ ဓာတ်ဆီပြတ်လပ်သွားတဲ့ဆိုင်တွေ ပိတ်ထားကြရတယ်လို့ ဖားကန့် ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

“အဲဒီမှာ(နန့်ယားဂိတ်) က အမြဲမပိတ်ဘူး။ အကန့်အသတ်နဲ့ပဲ ဖြတ်ခိုင်းတယ်။ တစ်နေ့ ကားနှစ်စီးသုံးစီး အဲဒီလိုပေါ့” လို့ ဖားကန့်ဒေသခံက ပြောပါတယ်။

လက်ရှိမှာတော့ လုံးခင်းနဲ့ဖားကန့်ကြား မှော်စီစာကျေးရွာက စက်သုံးဆီဆိုင်တွေ အကုန် ပိတ်ထားရတယ်လို့ ဖားကန့်ဒေသခံ အမျိုးသမီးတစ်ဦးကလည်း ပြောပါတယ်။

နန်းယားဂိတ်မှာ စစ်ကောင်စီတပ်က စက်သုံးဆီနဲ့ဆန်တွေကို တစ်ရက် ကားနှစ်စီးသုံးစီးလောက်သာ ဖြတ်ခိုင်းကြောင်းနဲ့ အချို့ကို ငွေကြေးတောင်းခံပြီး ဖြတ်ခိုင်းတယ်လို့ နန့်ယား ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ဆီကားတွေနဲ့ ဆန်ကားတွေတော့ နည်းနည်း ပိတ်တာပေါ့။ ပိုက်ဆံပေးရတာပေါ့။ ဆီနဲ့ ဆန်ကို မတက်နိုင်ခိုင်းဘူး။လွှတ်တယ်ဆိုရင်လည်း တစ်ခါတည်းလွှတ်လိုက်တယ်။ မလွှတ်ဘူးဆိုရင် နည်းနည်းပိတ်ထားတယ်။”လို့ အထက်ပါအမျိုးသမီးက ဆိုပါတယ်။

မြစ်ကြီးနား-ဖားကန့်လမ်းပေါ်က စစ်ကောင်စီ စစ်ဆေးရေး ဂိတ်ရှိတဲ့ နန့်ယား၊ကာမိုင်း စတဲ့နေရာတွေမှာ ဖြတ်သန်းသွားလာတဲ့ ခရီးသည်ယာဉ်နဲ့ ကုန်တင်ယာဉ်တွေကို စစ်ဆေးမှုပြုလုပ်ပြီးမှသာ ဖြတ်ခိုင်းနေတဲ့အပြင် စက်သုံးဆီနဲ့ ဆန်သယ်တဲ့ ယာဉ်တွေကိုလည်း မကြာခဏ ဖြတ်သန်းခွင့် ပိတ်ပင်နေတာ ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here