ဩဂုတ်၊၄
ပူတာအိုမြို့အဝင် စစ်ကောင်စီမူလာရှီးဒီးဂိတ်မှာ လမ်းသွားလမ်းလာပြည်သူတွေကို အခုနှစ် ဇွန်လ လဆန်းကနေစပြီး စစ်ဆေးရေးပြန်လည်တင်းကြပ်လာတယ်လို့ သိရပါတယ်။
အရင်နှစ်ကလည်း အထက်ပါဂိတ်မှာ ရှောင်တခင် စစ်ဆေးရေး တင်းကြပ်တာတွေ လုပ်ဆောင်ခဲ့ပြီးတော့ အခုနှစ်မှာတော့ ဇွန်လကနေစပြီး ဂိတ်ကနေဖြတ်တဲ့ ပြည်သူတွေကို ရှောင်တခင် မှတ်ပုံတင်စစ်တဲ့အပြင် ပစ္စည်းတွေနဲ့ ဖုန်းတွေကိုပါ စစ်ဆေးနေတယ်လို့ ပူတာအိုဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“ပစ္စည်းတွေ စစ်တယ်။ ဘယ်ကိုသယ်မယ် ဘာညာ။ ကားတွေ စစ်တယ်။ လူရော စစ်တယ် လမ်းသွားလမ်းလာ အကုန်လုံးကို စစ်တယ်။ မသင်္ကာတဲ့ သူတွေကိုရော စစ်တယ်”လို့ ဒေသခံက ပြောပါတယ်။
လက်ရှိ အဲဒီဂိတ်မှာ ကားသမားတွေအနေနဲ့ ခရီးသည်စာရင်းနဲ့ ကားစာရင်းကို ပေးပြီး ပုံမှန်အတိုင်းသွားလာနေကြတယ်လို့လည်း ခရီးသွားပြည်သူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
အထက်ပါ မူလာရှီးဒီးဂိတ်မှာ စစ်ကောင်စီတပ်သား ၁၀ ယောက်ဝန်းကျင်လောက် စောင့်ကြပ်လေ့ရှိပြီး မူးယစ်ဆေးဝါး ပါ/မပါစစ်ဆေးတဲ့အပြင် သတင်းတစ်စုံတစ်ခု ကြားသိမှုပေါ်မူတည်ပြီး စစ်ဆေးရေး တင်ကြပ်နေတာ ဖြစ်တယ်လို့လည်း အထက်ပါ ခရီးသွားပြည်သူက ဆိုပါတယ်။
ဒါ့အပြင် ခရီးသွားကားတွေအနေနဲ့ ပုံမှန်ဂိတ်ကြေးတစ်ထောင် ပေးဆောင်ရတယ်လို့လည်းကြား သိရပါတယ်။







