ဩဂုတ်၊၄
ကချင်ပြည်နယ်၊ချီဖွေမြို့နယ်ဘက်မှာ MPT ဖုန်းလိုင်းပြတ်တောက်နေတာ နှစ်ပတ်လောက် ရှိနေပြီဖြစ်ပြီး ဆက်သွယ်ရေးမှာ အခက်အခဲတွေနဲ့ကြုံနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လွန်ခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့က MPT ဖုန်းလိုင်း ပြတ်တောက်သွားတာဖြစ်ပြီး ဒီကနေ့ဩဂုတ်လ ၄ ရက်နေ့အထိ ဖုန်းနဲ့အင်တာနက်လိုင်း မရရှိသေးဘူးလို့ မြစ်ကြီးနားမြို့ဘက်ကို ခေတ္တရောက်ရှိနေတဲ့ ချီဖွေဒေသခံအမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“MPT ဖုန်းလိုင်းက မရတော့ဘူး။ အင်တာနက်က ပိုဆိုးတယ်။ တယ်လီနော ခဏတစ်ဖြုတ်ရတယ်။ အခုနှစ်ပတ်တောင်ကျော်လာပြီ။ ဖုန်းလိုင်းမရှိလို့ အရမ်းခက်ခဲနေတယ်။”လို့ ဆိုပါတယ်။
ဒေသခံတွေအနေနဲ့ MPT ဖုန်းလိုင်းပြတ်တောက်နေတာနဲ့ ပတ်သက်ပြီး ချီဖွေမြို့မှာရှိတဲ့ MPT ဆက်သွယ်ရေးဌာနက တာဝန်ရှိသူတွေကို မေးမြန်ကြည့်ရာမှာတော့ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဒေသကြီးနယ်စပ်မှာ စက်ပျက်နေတယ်လို့ ပြောကြားခဲ့ကြောင်း ဆိုပါတယ်။
အရင်က တစ်ရက်နှစ်ရက်လောက်သာ ဖုန်းလိုင်းပြတ်တောက်ခဲ့ပြီး အခုလို ရက်အကြာကြီး ပြတ်တောက် သွားတာမျိုး မရှိခဲ့ဖူးတဲ့အတွက် အခက်အခဲတွေ ကြုံနေရတယ်လို့ ဒေသခံအမျိုးသားက ဆက်လက်ပြောပါတယ်။
“အရေးပေါ်အခြေအနေမျိုးရှိလာရင် ဘာနဲ့မှသွားပြောလို့မရဘူး။ (ချီဖွေ) မြို့ထဲမှာပဲဆိုရင်တော့ ပြေးပြီးသွား ပြောလို့ရတယ်။ ဒါပေမဲ့ ဝေးတဲ့နေရာတွေ၊ မြစ်ကြီးနားဘက်တွေဆိုရင် ဘာအကြောင်းမှ ကြားလို့မရတော့ဘူး။ “လို့ ဆိုပါတယ်။
ချီဖွေမြို့နယ်အတွင်းမှာ လွန်ခဲ့တဲ့ ၂၀၁၅ -၁၆ ခုနှစ်လောက်က MPT ဖုန်းလိုင်းကို စတင်သုံးစွဲခဲ့ကြတာဖြစ်ပြီး လူဦးရေရဲ့ ၇၀ ရာခိုင်းနှုန်းလောက် သုံးစွဲနေကြတာ ဖြစ်ပါတယ်။
တယ်လီနောဖုန်းလိုင်းကိုတော့ MPT ဖုန်းလိုင်းသုံးစွဲပြီးနောက် နှစ်နှစ်လောက်နေမှ သုံးစွဲခဲ့ကြတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
မြစ်ကြီးနားသတင်းဂျာနယ်မှ တင်ဆက်သည့် သတင်းများကို အောက်ပါလင့်ခ်များတွင်လည်း ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။







