ဩဂုတ်၊၇
ကချင်ပြည်နယ်၊ဖားကန့်မြို့ ၊ကသိုင်းတောင်က စစ်ကောင်စီစခန်းကို ဒီကနေ့ မနက် ၅ နာရီလောက်က ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကနေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီဂိတ်စခန်းကို ၃ နာရီကျော်ကြာ တိုက်ခိုက်ခဲ့ပြီး ၈ နာရီခွဲအချိန်လောက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖားကန်မြို့နယ်အတွင်းမှာရှိတဲ့ KIA အရာရှိတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အတည်ပြုပါတယ်။
“သိမ်းနိုင်ခဲ့ပြီ။ ကသိုင်းတောင်။ ၅ နာရီကနေ သွားသိမ်းတာ ၈ နာရီ လောက်မှာ သိမ်းနိုင်ခဲ့ပြီ။ နှစ်ဖက်တော့ အထိအခိုက်ရှိတယ်။” လို့ အထက်ပါ KIA အရာရှိကဆိုပါတယ်။
အဲဒီကသိုင်းတောင် စစ်ကောင်စီစခန်းဟာ နမ့်မှော်- တာမခန့် သွားလမ်းပေါ်ရှိတာဖြစ်ပြီး စစ်အင်အား ၃၀ နီးပါးခန့် ရှိတယ်လို့လည်း ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
အဲစစ်ကောင်စီတပ်စခန်းကို KIA တပ်မဟာ (၉)၊တပ်ရင်း (၆)နဲ့ PDF ပူးပေါင်းတပ်တွေ သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့လည်း ဒေသခံနောက်တပ်တစ်ဦးက ပြောပါတယ်။
တိုက်ပွဲ ဖြစ်ပွားနေချိန် ဖားကန့်တပ်မကုန်းကနေလည်း ၁၂၂ မမ လက်နက်ကြီးတွေ ပစ်ကူပေးခဲ့တယ်လို့ လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဖားကန့်မြို့မှာ KIA၊PDF ပူးပေါင်းတပ်တွေကနေ စစ်ကောင်စီရဲ့ မြို့ဝင်ဂိတ်တွေ၊စခန်းတွေနဲ့ ရဲစခန်းတွေကို အလစ်ဝင်တိုက်ခိုက်နေပြီး ဇူလိုင်လ ၂၁ ရက်နေ့ကလည်း မော်ဝမ်းရပ်ကွက်က စစ်ကောင်စီရဲ့ ပန်းတင်ရဲကင်းစခန်းကို သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။







