ကသိုင်းတောင်အနီးက တိုက်ပွဲများကြောင့် တိမ်းရှောင်လာသည့် ဒေသခံများအတွက် အစားအသောက်လိုအပ်၊ တစ်နပ်စာ ကျပ်သိန်း ၂၀ ခန့် ကုန်ကျနေ

270

 

ဩဂုတ်၊၉

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ ကသိုင်းတောင်ဘက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒေသခံ ၂၀၀၀ နီးပါးအတွက် အစားအသောက်တွေ လိုအပ်နေပြီး ထမင်းတစ်နပ်ကို ကျပ် သိန်း၂၀ ကျော် ကုန်ကျတယ်လို့ သိရပါတယ်။

ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒေသခံတွေကို ကျွေးမွေးဖို့ တစ်နပ်ကို ဆန် ၁၂ အိတ် သုံးရပြီး ဟင်းအပါ တစ်နပ်ကို သိန်း ၂၀ ကျော် လောက်ကုန်ကျတယ်လို့ မှော်ရှန်ဘုန်းကြီးကျောင်းမှာ စစ်ရှောင်တွေကို ကူညီပေးနေသူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“စားဝတ်နေရေးကတော့ ကျွန်တော်တို့ပဲ ကျွေးထားရတာပါ။ ကျွန်တော်တို့ ရွာက အလှူခံပြီး ဝိုင်းဝန်း ရှာပြီးတော့ ကျွေးမွေးနေကြတာပါ။”လို့ ဆိုပါတယ်။

စစ်ရှောင်လာတဲ့သူတွေရဲ့ စားဝတ်နေရေးကို ရွာကလူတွေ အဓိက တာဝန်ယူနေတာဖြစ်ပြီး တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ အခြားငွေကြေးတတ်နိုင်တဲ့လူတွေလည်း ကူညီကြတယ်လို့ ဆိုပါတယ်။

မှော်ရှန် ဘုန်းကြီးကျောင်းက ကျောင်းဆောင်တွေ၊ ဓမ္မာရုံတွေ၊ယောဂီအဆောင်တွေ အကုန်လုံးမှာ စစ်ရှောင်တွေနဲ့ နေရာပြည့်ကျပ်နေတယ်လို့လည်း ဆိုပါတယ်။

မနေ့က ကသိုင်းတောင်ဘက်ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ညပိုင်း ထွက်ပြေးတိမ်းရှောင်လာကြသူတွေ ရှိသလို ဒီမနက်ပိုင်းမှာလည်း ထပ်မံခိုလှုံလာသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

မနေ့ညမှာ ကသိုင်းတောင်မှာ ပစ်ကြတော့ ဒီမှာပြေးလာကြတာ။ အုံလိုက်ကျင်းလိုက်ပဲ။ ညအိပ်တဲ့အခါမှာပဲ လူစစ်လို့ရတာ လို့ အထက်ပါ ကူညီနေသူက ဆက်လက်ပြောပါတယ်။

လက်ရှိ မှော်ရှန် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းမှာ ၁၆၀၅ ဦး၊ ကက်သလစ်(RC) ဘုရားကျောင်းမှာ ၈၆ ဦး၊ ကချင်နှစ်ခြင်းအသင်းတော် (KBC) ဘုရားကျောင်းမှာ ၅၉ ဦး ခိုလှုံနေပြီး တစ်ချို့က နီးစပ်ရာဆွေမျိုးတွေဆီမှာ တိမ်းရှောင်နေကြပါတယ်။

ဩဂုတ်လ ၇ရက်နေ့က စစ်ကောင်စီရဲ့ ကသိုင်းတောင် တပ်စခန်းနဲ့ ဆယ်ဇင်းကျေးရွာအနီးက ရှမ်းနီ (SNA)တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဩဂုတ်လ ၈ ရက်နေ့မှာ စစ်ကောင်စီက ကသိုင်းတောင်တပ်စခန်းဘက်ကို လေယာဉ်နဲ့ ပြန်လည် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here