မန်ပန်ကျေးရွာတွင် အဆုတ်တီဘီပိုးတွေ့ရှိသူ များနေပြီး ဖျားနာသူများအတွက်ပါ ဆေးဝါးလိုအပ်နေ

283

ဩဂုတ်၊၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဒွမ်ဘန်ကျေးရွာအုပ်စု၊ မန်ပန်ကျေးရွာမှာ အဆုတ်တီဘီပိုးတွေ့ရှိသူတွေ များနေပြီး ဖျားနာနေသူတွေအတွက် ဆေးဝါးလိုအပ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ကလေး၊ လူကြီး စုစုပေါင်း ၂၀ ဦးလောက် ဖျားနာနေတဲ့အထဲ ငှက်ဖျားနဲ့ တုပ်ကွေးဖြစ်နေသူတွေအပြင် ရွာအတွင်း အသက် ၅၀ ကနေ ၆၀အရွယ် ၁၀ ဦး‌လောက်မှာ တီဘီပိုး စစ်ဆေးတွေ့ရှိတယ်လို့ မန်ပန်ဒေသခံတစ်ဦးက ပြောပါတယ်။

“အဆုတ်တီဘီဖြစ်တာ များလာတယ်။ ကိုဗစ်အခံကြောင့်လားတော့ မသိဘူး။ ဒွမ်ဘန်ကျေးဘက်ကနေပဲ ဆေးတွေ သွားထုတ်စားတာတွေ လုပ်နေရတယ်။ အရင်ကလို ဆေးခန်းမှာ ဆေးတွေ လုံလုံလောက်လောက်ရှိရင်တော့ ကောင်းမယ်”လို့ မန်ပန်ဒေသခံက ပြောပါတယ်။

လက်ရှိမှာတော့ ရပ်ရွာဒေသခံတွေနဲ့ ကချင်နယ်လှည့်ကျောပိုးအိတ်အဖွဲ့(Kachin Back Pack)၊ ကချင်နှစ်ခြင်းအသင်းတော်(KBC)တို့ စုပေါင်းဖွင့်လှစ်ထားတဲ့ အခမဲ့ ဆေးခန်းတစ်ခုရှိပေမဲ့ ဆေးပြတ်လပ်မှုတွေ ရှိနေတာကြောင့် ဖျားနာသူတွေဟာ ၂ မိုင်ကျော်လောက်ဝေးတဲ့ ဒွမ်ဘန်ကျေးရွာဘက် သွားရောက်ကုသနေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မေလကနေ ဇွန်လအတွင်း မန်ပန်ဒေသခံ ၁၀၀နီးပါး ငှက်ဖျားပိုးတွေ့ရှိခဲ့ပြီး လက်ရှိမှာတော့ သက်သာပျောက်ကင်းနေပြီလို့လည်း သိရပါတယ်။

ဓါတ်ပုံဟောင်းဖြစ်ပါသည်။

Credit- Kachin Back Pack

 

LEAVE A REPLY

Please enter your comment!
Please enter your name here