မိုးကောင်းတွင် စစ်ကောင်စီတပ်သားနှစ်ဦး ပစ်ခတ်ခံရပြီးနောက်ပိုင်း ဖမ်းဆီးခံခဲ့ရသူများ ပြန်လွတ်မြောက်ခြင်း မရှိသေး

281

 

စက်တင်ဘာ၊ ၁၂

ကချင်ပြည်နယ်၊ မိုးကောင်းမြို့က အမှတ်(၁) အထက်တန်းကျောင်းအနီးမှာ စစ်ကောင်စီတပ်သား ၂ ဦး ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီရဲ့ဖမ်းဆီးတာကို ခံခဲ့ရတဲ့သူတွေ ပြန်လွတ်လာတာ မရှိသေးဘူးလို့ မိုးကောင်းဒေသခံတွေက ပြောပါတယ်။

လက်ရှိအချန်ထိ ဖမ်းဆီးမှုတွေ ရှိနေသေးတာဖြစ်ပြီး မနေ့က စက်တင်ဘာလ ၁၁ ရက်နေ့ မနက် ၃ နာရီလောက်ကလည်း မိုးကောင်းမြို့မဈေးတောင်ဘက်က မိသားစုတစ်စုကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ သူတွေထဲက အနည်းအကျဉ်းလောက်ပဲ ပြန်လွတ်တာရှိပြီး ကျန်တဲ့သူတွေကိုတော့ ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားလဲ ဆိုတာတောင် မသိရဘူးလို့ မိုးကောင်းဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ပြန်လွတ်တာမရှိသေးဘူး။ သိရသလောက် ယောက် ယောက်လောက်ပဲ ပြန်လွတ်တယ်လို့ ကြားတယ်။ အခုချိန်မှာ နေရထိုင်ရတာကတော့ ကျီးလန့်စာစား ပုံစံပေါ့။ လို့ ဒေသခံက ဆိုပါတယ်။

စစ်ကောင်စီကား ပစ်ခတ်ခံရတဲ့နေ့မှာပဲ မိုးကောင်းမြို့၊ နတ်ကြီးကုန်းရပ်ကွက်က မိသားစု ၃ သုံးဦးကို စစ်ကောင်စီက ဖမ်းဆီးသွားပြီး စစ်ကြောရေးမှာ အဲဒီမိသားစုက ဖခင်ဖြစ်သူ ဦးဝဘော်တန်ဂွန်း သေဆုံးသွားတာရှိခဲ့ပါတယ်။

ပစ်ခတ်ခံရတဲ့ ဖြစ်စဉ်နောက်ပိုင်း စစ်ကောင်စီက လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးနေတာဖြစ်ပြီး လက်ရှိအချိန်ထိ ဖမ်းဆီးခံရတဲ့သူတွေ အယောက် ၇၀ လောက်ရှိလာပြီလို့ ဒေသခံတွေက ဆိုပါတယ်။

ဖမ်းဆီးခံရသူအများစုက လူငယ်တွေဖြစ်ပြီးတော့ အိုးတန်း၊ ကျွန်းတော၊ မြို့ဦး၊ ဈေးကုန်း၊ ရွာသစ်၊ နောင်ကိုင်တော် ၊ ဖိုးချစ်ကုန်းစတဲ့ ရပ်ကွက်တွေက ဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ပတ်သက်ဆက်နွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မိုးကောင်းမြို့၊ ဖိုးချစ်ကုန်းရပ်ကွက်မှာရှိတဲ့ ဇင်ယော် စက်သုံးဆီဆိုင် ဖျက်ဆီးခံရတာရှိပြီး အဲဒီက ဖမ်းဆီးခံရတဲ့ လူငယ်တွေနဲ့ ဆိုင်ရှင်လင်မယားလည်း ပြန်လွတ်လာတာ မရှိသေးသလို ဆိုင်ပိုင်ရှင်လင်မယားကို အမှုဖွင့် ရုံးထုတ်တာရှိတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီက သူတို့ မသင်္ကာတဲ့လူတွေကို လိုက်လံဖမ်းဆီးနေသေးတာကြောင့် မိုးကောင်း ဒေသခံလူငယ်တွေသာမက မြို့ခံတွေအားလုံး လုံခြုံမှုမရှိဘဲ သထိထားနေထိုင်နေရတယ်လို့ နောက်ထပ် ဒေသခံတစ်ဦးကလည်း ဆိုပါတယ်။

သထိထားနေထိုင်ရတဲ့ အခြေအနေပေါ့။ ညမိုးချုပ်တာနဲ့ ဘယ်သူမှ သိပ်မရှိဘူး။ ညတောင်မဟုတ်ဘူး နေ့လယ်တောင်မှ မလွယ်ဘူး။ သူတို့ မသင်္ကာရင် မသင်္ကာသလို ဖမ်းနေတော့။ လို့ အထက်ပါဒေသခံက ဆိုပါတယ်။

မိုးကောင်းမြို့မှာ အရင်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်တာမျိုးရှိပေမဲ့ အခုလို ပြည်သူတွေကို ဖမ်းဆီးတာမျိုးတော့ မရှိခဲ့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ဒါပေမဲ့ ဩဂုတ်လ ၁၉ ရက်နေ့က ကျောင်းလာကြိုတဲ့ စစ်သား ၃ ဦးပါ စစ်ကောင်စီကားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်ပြီး တပ်သား၂ ဦး သေဆုံးသွားတဲ့နောက် မိုးကောင်းမြို့မှာ စစ်ကောင်စီက ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ပုံဟောင်းဖြစ်ပါသည်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here