တနိုင်းမြို့နယ်၊ ပိန္နက်ကျေးရွာတွင် ကျောင်းသူ/သားများ ဖျားနာနေသည့်အတွက် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်

373

စက်တင်ဘာ၊၂၁

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပိန္နက်ကျေးရွာမှာရှိတဲ့ အခြေခံပညာမူလတန်းကျောင်းက ကျောင်းသူ/သားတွေ မကြာခဏ ဖျားနာမှုတွေ ဖြစ်နေတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးစေလိုတယ်လို့ ပိန္နက်ကျေးရွာ ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

အဲဒီကျေးရွာက မူလတန်းကျောင်းမှာ ကျောင်းသူ/သား လူဦးရေ ၂၀ လောက်ရှိပြီး လက်ရှိ ကလေးတွေ နှာစည်း၊ ချောင်းဆိုး၊ ကိုယ်ပူ ဖျားနာတာတွေ ဖြစ်နေတယ်လို့ ဒေသခံပြည်သူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

“အရင်နှစ်တွေက တရုံဘက်က ကာကွယ်ဆေးတွေ လာပေးတယ်။ ဒီနှစ်က ဘယ်ကျန်းမာရေးအဖွဲ့အစည်းကမှ လာပေးတာ မရှိတော့ ကလေးတွေ နှာစေး၊ ချောင်းဆိုး၊ ဖျားနာတာတွေ ခဏခဏ ဖြစ်နေတယ်”လို့ ဒေသခံက ဆိုပါတယ်။

ဒါ့အပြင် လက်ရှိ ကျောင်းသူ/သား လေးဦးလောက်ဟာလည်း ဖျားနာနေတဲ့အတွက် ကျောင်းမတက်နိုင်တာ တစ်ပတ်လောက်ရှိနေပြီ ဖြစ်တဲ့အပြင် အခြားကျောင်းသူ/သား သုံးဦးဟာလည်း ကိုယ်ပူနေပေမဲ့ ကျောင်းကို ကြိုးစားတက်နေတဲ့ အခြေအနေရှိနေတယ်လို့ ဆိုပါတယ်။

တစ်ဆက်တည်းမှာပဲ ကလေးတွေရဲ့ ကျန်းမာရေးအတွက် သက်ဆိုင်ရာ ကျန်းမာရေး အဖွဲ့အစည်းတွေကနေ လာရောက်ကြည့်ရှုပေးကြဖို့ကိုလည်း တောင်းဆိုလိုတယ်လို့ ဆိုပါတယ်။

ပိန္နက်ကျေးရွာမှာ အိမ်ခြေ ၂၀ ကျော်လောက်ရှိပြီး အိမ်ခြေအများဟာ လယ်ယာ၊ တောင်ယာနဲ့ မွေးမြူရေးကို အဓိကထား လုပ်ကိုင်ကြတာလည်း ဖြစ်ပါတယ်။

ဓါတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here