အောက်တိုဘာ၊ ၁၁
အာဏာစသိမ်းတဲ့အချိန်ကနေ အခု ၂၀၂၃ ခုနှစ် အောက်တိုဘာလ ဒုတိယပတ်အထိ စစ်တပ်ရဲ့ အကြမ်းဖက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးတဲ့ကလေးငယ်ပေါင်း အယောက် ၅၀၀ ကျော်ရှိလာတယ်လို့ NUG နဲ့ KIO ရဲ့ စာရင်းတွေအရ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အောက်တိုဘာလ ၄ ရက်နေ့ထိ ထုတ်ပြန်ခဲ့တဲ့ စာရင်းအရတော့ စစ်ကောင်စီကြောင့် သေဆုံးခဲ့တဲ့ ကလေးငယ်ပေါင်း ၄၉၁ ယောက်အထိ ရှိခဲ့တာပါ။
အောက်တိုဘာ ၉ ရက်နေ့မှာတော့ စစ်တပ်က ကချင်ပြည်နယ်၊ လိုင်ဇာဒေသက မုန်လိုက်ခက် စစ်ဘေးရှောင်စခန်းကို လက်နက်ကြီးနဲ့ပစ်ခတ်ချိန် ကလေး ၁၁ ယောက် သေဆုံးခဲ့တယ်လို့လည်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်ကို ဖြေကြားထားပါတယ်။
ဒါကြောင့် အာဏာသိမ်းပြီးချိန်ကနေ အခုအချိန်ထိ စစ်တပ်က အကြမ်းဖက်မှုတွေကြောင့် သေဆုံးတဲ့ကလေးအရေအတွက်ဟာ ၅၀၂ ယောက် အထိရှိလာတာပါ။
မုန်လိုက်ခက် စစ်ဘေးရှောင်စခန်းကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်တဲ့အချိန် စာသင်ကျောင်း တစ်ကျောင်း၊ မူကြိုကျောင်းတစ်ကျောင်းနဲ့ ဘုရားကျောင်းတစ်ခုလည်း ပျက်စီးခဲ့တယ်လို့ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် စစ်တပ်က ရည်ရွယ်ချက်ရှိရှိပစ်ခတ်လို့ ကလေးတွေကို စာသင်တဲ့ကျောင်းတွေ ထိခိုက်ပျက်စီးမှုဟာလည်း အာဏာသိမ်းကာလအတွင်း ကျောင်းပေါင်း ၁၂၀ အထိရှိလာပါပြီ။
အဲဒီလို ကလေးငယ်တွေကို အကြမ်းဖက်သတ်ဖြတ်တာ၊ စာသင်ကျောာင်းတွေ၊ ဆေးခန်းတွေ၊ ဘုရားကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် စစ်တပ်ကို နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC) ကိုလွှဲပြောင်းပေးဖို့လည်း NUG နဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးတို့ကလည်း အသီးသီးတောင်းဆိုထားကြပါတယ်။
ဓါတ်ပုံ- မုန်လိုင်ခက် စစ်ရှောင်စခန်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့ရသည့် ကလေးငယ်များ
Credit- Original Uploader







