အောက်တိုဘာ၊ ၁၆
ကချင်ပြည်နယ်၊ ရွှေကူမြို့ အနောက်ဖက်ခြမ်းက ရွှေဘုံသာကျေးရွာမှာ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်နေတာကြောင့် ဒေသခံတွေ နီးစပ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ဒီကနေ့ မနက်အစောပိုင်းက ကျေးရွာထဲ ဝင်ရောက်လာတာဖြစ်ပြီး နေအိမ်တွေထဲ ဝင်ရောက်နေထိုင်တာ ချက်ပြုတ်စားသောက်တာတွေ ရှိနေတာကြောင့် ဒေသခံတွေ တိမ်းရှောင်နေကြတာလို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
” ရွာအနောက်ဘက်မှာတော့ ကင်းတွေ တော်တော်များများ ထိုးထားတယ်လို့ ကြားတယ်။ ပြည်သူတွေကလည်း တချို့ဟာတွေကျတော့ ကြောက်ပြီး အဆင်ပြေတဲ့နေရာကို သွားကြတယ်။” လို့ ဒေသခံက ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ကျေးရွာနောက်ဘက်မှာလည်း ကင်းတွေ ချထားပေမဲ့ ရွာထဲမှာ နေထိုင်နေကြတဲ့သူတွေ ရှိနေသေးတယ်လို့ သိရပါတယ်။
အဲဒီစစ်ကြောင်းမှာ အင်အား ၅၀ လောက်ရှိနိုင်ပြီး စစ်ကောင်စီတပ်သားတွေရော ပျူစောထီးတွေပါ ရောပြီးရှိတတ်တာကြောင့် ဘယ်တပ်ကလည်း ဆိုတာတော့ အတိအကျမပြောနိုင်ဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်ကောင်စီတပ်ဟာ အိမ်ခြေ ၃၀၀ လောက်ရှိတဲ့ရွှေဘုံသာကျေးရွာ အထက်ဘက်မှာရှိတဲ့ တောပုန်းနဲ့ မြောက်ရွာတွေဘက် ဝင်ရောက်တာ ရှိခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ စစ်သင်္ဘောစုန်သွားတဲ့နောက်ပိုင်း ရွှေကူ မြစ်ကမ်းရိုးတန်းတစ်လျှောက်က ဒေသခံတွေဟာလည်း မကြာခဏ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။







