တိုက်ပွဲများကြောင့် ရွှေကူမြို့နယ်၊ ငါးဘတ်ကြီးကျေးရွာဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

281
ဓါတ်ပုံ- ငါးဘတ်ကြီးကျေးရွာဘက်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီထံမှ သိမ်းဆည်းရမိသည့် လက်နက်များ။

 

အောက်တိုဘာ၊ ၁၈

ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ ငါဘတ်ကြီးကျေးရွာဘက်မှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ငါးဘတ်ကြီးကျေးရွာဘက်မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းကုန်းဘက်ကို KIA တပ်ရင်း ၁၂ နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က ဒီကနေ့ အောက်တိုဘာလ ၁၈ ရက်နေ့ မနက်ပိုင်းမှာ သွားရောက်တိုက်ခိုက်ပြီး သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ဘက် ရွှေကူမြို့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ပစ်ကူနေတာာကြောင့် ရွှေဘုံသာကျေးရွာဘက်က စစ်ကြောင်းတွေလည်း ရွှေကူဘက်ပြန်ဝင်လာပြီး လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာကြောင့် ရွှေကူတစ်ဖက်ကမ်းက ကျေးရွာတွေဖြစ်တဲ့ ရေလဲ၊မိုးစစ်၊ဆင်တပ် ဒေသခံတွေ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ရေလဲတို့ မိုးစစ်တို့ ဆင်တပ်တွေဆိုလည်း ပြေးနေရတဲ့အခြေအနေရှင့်။ပြန်ပြေးနေကြတာ။ ရေလဲဘက်ကိုလည်း တော်တော်ကြီးပစ်တယ်လေ။ ရေလဲဘက်ခြမ်း ရွာအစွန်းတွေကို ကျတဲ့အခါကျတော့ ပြည်သူတွေက အကုန်လုံးနီးပါး ရွာထဲမှာ‌တောင် ဘယ်သူမှ မရှိတော့ဘူး။” လို့ဆိုပါတယ်။

ဒီကနေ့ မနက်ကတည်းကနေ ရွှေကူမြို့အနီးမှာရှိတဲ့ ငါးဘတ်ကြီးကျေးရွာဘက်ကို စစ်ကောင်စီက လက်နက်ကြီးတွေ ပစ်ခတ်နေတာဖြစ်ပြီး အဲဒီဘက်က ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ရွှေကူမြို့ခံတစ်ဦးကလည်း အခုလို ပြောပါတယ်။

“အခုရွှေကူမှာက လက်နက်ကြီးသံတွေ တအားမြည်တယ်။ ငါးဘတ်ကြီးလမ်းဆုံဘက်ကို ပစ်တာ။ ငါးဘတ်ကြီးကလူတွေ ပြေးတယ်လို့ ကြားတယ်။” လို့ အထက်ပါမြို့ခံက ဆိုပါတယ်။

တိုက်ပွဲနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ထွက်ပြေးနေရတဲ့ ဒေသခံတွေဟာ နီးစပ်ရာဘက်နဲ့ အခင်းတွေဘက်ကို တိမ်းရှောင်နေကြရတာပြီး ရွှေကူမြို့အထွက်က စစ်ကောင်စီရဲ့ ခမရ ၆၀၂ တပ်ဟာ စခန်းကြီးတစ်ခု ဖြစ်တယ်လို့လည်း သိရပါတယ်။

ဓါတ်ပုံ- ငါးဘတ်ကြီးကျေးရွာဘက်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီထံမှ သိမ်းဆည်းရမိသည့် လက်နက်များ။

 

LEAVE A REPLY

Please enter your comment!
Please enter your name here