နိုဝင်ဘာ၊ ၁၂
ရက်ပေါင်းတော်တော်ကြာ တိုက်ခိုက်ခဲ့ရတဲ့ ကွမ်လုံမြို့ကို ကိုးကန့်တပ်မတော် (MNDAA) နဲ့ ညီနောင်မဟာမိတ်အဖွဲ့တွေက အပြီးအပိုင်သိမ်းပိုက်နိုင်ခဲ့ပြီလို့ ဒီနေ့ညနေပိုင်းမှာ MNDAA က ဗွီဒီယိုဖိုင်နဲ့ ထုတ်ပြန်ခဲ့ပါတယ်။
ထုတ်ပြန်ခဲ့တဲ့ ဗွီဒီယိုထဲမှာ သံချပ်ကာကား ၃ စီးကို ထပ်တွေ့ရတာကြောင့် အခုဆိုရင် ညီနောင်မဟာမိတ် ၃ ဖွဲ့က ဖျက်ဆီးနိုင်ခဲ့တဲ့ သံချပ်ကာကား ၁၀ စီးလောက် ရှိလာပါပြီ။

ဒါ့အပြင် လက်နက်ခဲယမ်းတွေကိုလည်း သေတ္တာလိုက် ထုပ်ပိုးသိမ်းဆည်းထားတာကို တွေ့ရပြီး စစ်ကားအများအပြားကိုလည်း သိမ်းဆည်နိုင်ခဲ့တာ တွေ့ရပါတယ်။
ကွမ်လုံရဲစခန်းမှာလည်း MNDAA အလံချိတ်ထားတာကိုတွေ့ရပြီး မြို့တွင်းကိုလှည်ပတ်ရိုက်ပြထားတဲ့ ဗွီဒီယိုအရ ပြည်သူတွေကိုတော့မတွေ့ရသလို ဆိုင်တွေလည်း ပိတ်ထားတာတွေ့ရပါတယ်။ အသေးစိတ်ကိုတော့ ညီနောင်မဟာမိတ်တွေက မထုတ်ပြန်သေးပါဘူး။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့ကတော့ အာဏာသိမ်းစစ်တပ်က ကာလုံအစည်းအဝေးကိုခေါ်ယူပြီး လိုအပ်တဲ့ လုံခြုံရေးလုပ်ငန်းတွေကို ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီဥက္ကဌက ပြောခဲ့ပါသေးတယ်။
၁၉၇၁ ခုနှစ် နိုဝင်ဘာလက ကွမ်လုံမှာရှိတဲ့ မြန်မာစစ်တပ်ကို ဗမာကွန်မြူနစ်ပါတီက ရက်ပေါင်းအတော်ကြာ ထိုးစစ်ဆင်ခဲ့ပေမဲ့လည်း အပြီးသတ်အောင်မြင်မှုမရရှိခဲ့ပါဘူး။ နောက်ပိုင်းမှာ စစ်တပ်က ကွမ်လုံ ရက် ၄၀ ဆိုတဲ့ ဝါဒဖြန့်ကားကို ဖြန့်ချိခဲ့ပါတယ်။
အခု ၂၀၂၃ ခုနှစ်မှာတော့ ညီနောင်မဟာမိတ်တွေက ကွမ်လုံမြို့ကို ၁၀၂၇ စစ်ဆင်ရေးစပြီး ၁၇ ရက်အကြာမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။







