လမုန်ကျေးရွာက ပြည်သူ့စစ်ဂိတ်တွင် ခရီးသွားပြည်သူများအား စစ်ဆေးရေးတင်းကျပ်

234

 

နိုဝင်ဘာ၊၁၈

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ လမုန်ကျေးရွာအတွင်း တပ်စွဲထားတဲ့ ပြည်သူ့စစ် တပ်စခန်းဂိတ်မှာ နိုဝင်ဘာလဆန်းပိုင်းကနေ ခရီးသွားပြည်သူတွေကို စစ်ဆေးမေးမြန်းမှုတွေ တင်းကျပ်လာတယ်လို့ သိရပါတယ်။

နိုဝင်ဘာဆန်းပိုင်းက အထက်ပါဂိတ်မှာ ပြည်သူ့စစ်စစ်သားတွေ အယောက် ၃၀ ထက်မနည်း စုဖွဲ့ပြီး အစည်းအဝေးပြုလုပ်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပြီးတဲ့နောက်ပိုင်းကနေ အခုလို အရင်ကနဲ့မတူဘဲ စစ်ဆေးရေးတင်းကျပ်လာတာလို့ ဆိုပါတယ်။

ပြည်သူ့စစ် စစ်သား ၄ ယောက်ကနေ ၅ ယောက်အထိ ဂိတ်ထိုင်စောင့်ကြပ်လေ့ရှိတဲ့ အထက်ပါဂိတ်မှာ အရင်က မသင်္ကာတဲ့သူတွေကိုသာ မေးမြန်းလေ့ရှိပေမဲ့ လက်ရှိအချိန်မှာတော့ မသင်္ကာတဲ့ ကားသမားတွေနဲ့ ခရီးသည်တွေကိုပါ ဆင်းခိုင်းတာမျိုးတွေ၊ ကားနောက်ဖုံးဖွင့်တာတွေအပြင် ဆိုင်ကယ်မောင်းနှင်သူတွေကိုလည်း ဆိုင်ကယ် ထိုင်ခုံအဖုံးဖွင့်ခိုင်းတာတွေပါ လုပ်ဆောင်လာတယ်လို့ ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“နိုဝင်ဘာလဆန်းကနေ ထူးခြားလာတယ်လို့ ပြောရမယ်။ ခုက သူတို့ ခရီးသွားတွေကို အဓိကစစ်တယ်။ အရင်က ကားသမားနာမည်၊ ဘယ်သွားမယ် ဘယ်လာမယ်ပဲ မေးတာ။ ခုက ဘာတင်တယ်၊ နောက်ဖုံးတွေ ဖွင့်ခိုင်း၊ ဆိုင်ကယ်ဆို Tool Box တွေ ဖွင့်ခိုင်း“လို့ ဒေသခံက ပြောပါတယ်။

အထက်ပါ ဒေသခံရဲ့ ပြောပြချက်အရ လမုန်ကျေးရွာအတွင်းက ပြည့်သူ့စစ်ဂိတ်စခန်းမှာ အင်အား ၃၀ ထက်မနည်း ရှိနိုင်တဲ့အပြင် အဲဒီဂိတ်မှာ အရင်က ပိုက်ဆံတောင်းခံလေ့ရှိတယ်လို့လည်း သိရပါတယ်။

” အရင်က လက်ဖက်ရည်ဖိုးတွေ တောင်းတာ။ ပိုက်ဆံတွေလည်း တောင်းလေ့ရှိတယ်။ ငါးထောင်၊ တစ်သောင်းပေးရတဲ့ သူတွေရှိတယ်”လို့ ဒေသခံက ပြောပါတယ်။

ဒါ့အပြင် ပြည်သူ့စစ် စစ်သားတွေဟာ သတင်းတစ်စုံတစ်ရာ ကြားသိရမှုအပေါ်မူတည်ပြီး ညနေပိုင်း ၆ နာရီကနေ ည ၁၀ နာရီအတွင်းသာမက မနက်အစောပိုင်းတွေမှာပါ ရွာအစွန်းဘက်တွေအပြင် လယ်တောတွေဘက်အထိ ကင်းလှည့်တာတွေ လုပ်ဆောင်နေတယ်လို့လည်း ကြားသိရပါတယ်။

အထက်ပါ လမုန်ပြည်သူ့စစ်ဂိတ်စခန်းမှာသာမက တနိုင်းချောင်းတံတား တစ်ဖက်စီမှာလည်း အခုရက်ပိုင်း ရဲတွေ စစ်ဆေးမေးမြန်းမှုတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here