နိုဝင်ဘာ၊၂၀
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အတွင်း ခရမ်းချဉ်သီးနဲ့ ငရုတ်သီးစိမ်း ရုတ်တရက် စံချိန်တင်ဈေး မြင့်တက်သွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အရင်က ခရမ်းချဉ်သီးတစ်ပိဿာကို နှစ်ထောင်ကျော်၊ လေးထောင်ကျော်လောက် ရှိရာကနေ ဒီကနေ့မနက်မှာတော့ ရုတ်တရက်ဆိုသလို တစ်ပိဿာကို တစ်သောင်းသုံးထောင် အထိ ဈေးအဆမတန် မြင့်တက်သွားတဲ့အပြင် ငရုတ်သီးစိမ်းတစ်ပြည် နှစ်ထောင့်ရှစ်ရာကနေ တစ်သောင်းတစ်ထောင်အထိ မြင့်တက်သွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တခြားကုန်တွေ ဖြစ်တဲ့ ကြက်သွန်ဖြူတစ်ပိဿာကို တစ်သောင်းခုနှစ်ထောင်ကနေ နှစ်သောင်းအထိ ဈေးတက်သွားတဲ့အပြင် ကြက်သွန်နီတစ်ပိဿာ ကျပ်ငါးထောင်ကနေ လက်ရှိအချိန်မှာတော့ ခြောက်ထောင်အထိ ဈေးမြင့်တက်နေတယ်လို့ မြစ်ကြီးနားဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။
“ဒီမနက်ဈေးသွားတော့ ပလိုင်းအလွတ်လွယ်ပြီး ပြန်လာရတယ်။ ဒီဘက်မှာ ငရုတ်သီးနဲ့ ခရမ်းချဉ်သီးတော့ ဈေးအရမ်းတက်တယ်။ ခရမ်းချဉ်သီးက ဈေးသည်တွေဆီမှာတောင် ပြတ်နေတယ်။ တခြားဟာတွေက တစ်ရာ၊ နှစ်ရာ လောက်တော့ တက်တယ်။ ပြောင်းဖူးဆိုရင် ငါးရာကနေ ခုနှစ်ရာလောက်တက်သွားတယ်”လို့ ဒေသခံကဆိုပါတယ်။
ဈေးသည်တစ်ဦးရဲ့ ပြောပြချက်အရ အခုလို ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာဟာ မြန်မာပြည် အောက်ဘက်ပိုင်းက ပစ္စည်းတင်ကားတွေ အဝင်မရှိတော့တဲ့အတွက် ပစ္စည်းပြတ်တာတွေ ဖြစ်လာပြီး ဈေးတင်ရောင်းလာကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“လမ်းပိတ်လို့ပဲ ပစ္စည်းပြတ်တာပေါ့။ ဒီကချင်ပြည်နယ်ဘက်က သီးနှံစိုက်တာ နည်းတော့ အောက်ပိုင်းဘက်က ပိုများတော့ ကားတွေ မဝင်ရင် ဒီမှာ ရောင်းဖို့ပြတ်ပြီလေ။ နဂိုရှိတဲ့ သူတွေက ဈေးတင်ရောင်းလာကြတာပေါ့“လို့ အထက်ပါ ဈေးသည်ရဲ့ ပြောပြချက်အရ သိရပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာ တစ်နိုင်ငံလုံးမှာ ကုန်ဈေးနှုန်းတွေ တစ်နေ့တစ်ခြားမြင့်တက်လာတာ ဖြစ်ပြီး အခြေခံပြည်သူတွေဟာ စားဝတ်နေရေး ခက်ခဲရုန်းကန်နေကြရပါတယ်။







