နိုဝင်ဘာ၊၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့မှာ ဒီကနေ့မနက်ပိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူ အသုံးပြုတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ကနဦးသတင်းတွေအရ ဒီကနေ့မနက်ကိုးနာရီမှာ တော်လှန်ရေးတပ်ဖွဲ့တွေကနေ တန်ဆည့်မြို့နယ်ရဲစခန်းကို ရရှိထားပြီး ထွေအုပ်ရုံးကို ဆက်လက်တိုက်ခိုက်နေတယ်လို့ သိရပါတယ်၊
” ရဲစခန်းရပြီလို့သိရတယ်။ ထွေအုပ်ရုံးကို သိမ်းနေတုန်းတဲ့။ လေကြောင်းပစ်ကူ အဆင်မပြတ်လာနေတယ်။ အလုံးစုံသိမ်းနိုင်သေးတာတော့ မဟုတ်သေးဘူး” လို့ တိုက်ခိုက်ရာမှာ ပါဝင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
လက်ရှိအချိန်မှာ တိုက်ပွဲဆက်လက်ဖြစ်ပွားနေသလို စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် အခြေအနေ အသေးစိတ်ကိုတော့ မသိရှိရသေးဘူးလို့ PDF နဲ့နီးစပ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အကုန်လုံးတော့ မသိမ်းနိုင်သေးဘူး။ ထွေအုပ်ရုံးနဲ့ တချို့နေရာတွေ ကျန်သေးပါတယ်။ မနက်အစောပိုင်းကတော့ မုံရွာနမခကနေ Mi 35 နဲ့လာပြီး မော်တာနဲ့ပစ်တယ်။ ပြီးတော့ ဂျက်ဖိုက်တာနဲ့တစ်စီးနဲ့ ဗုံးတစ်လုံးလာကြဲသွားတယ် ” လို့ ဒေသခံက ဆိုပါတယ်။
လတ်တလော တန့်ဆည်မြို့ပေါ် ၉၀ ရာခိုင်နှုန်းကို သိမ်းယူထားနိုင်
ပြီလို့ သတင်းတွေ ထွက်ပေါ်နေပြီး မြစ်ကြီးနားသတင်းဂျာနယ်အနေနဲ့ ဆက်လက်အတည်ပြုနေဆဲ ဖြစ်ပါတယ်။
အဲဒီတန့်ဆည်မြို့မရဲစခန်းကို နိုဝင်ဘာလ ၂၈ ရက်နေ့က စတင်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။







