နိုဝင်ဘာ၊၃၀
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မုံးစီးဒေသမှာ စစ်ဘေးတိမ်းရှောင်နေတဲ့ ဒေသခံတွေ စားဝတ်နေရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။
မုံးစီးဒေသက ပန်ယန်းခါးကျေးရွာ၊ ကချင်ကုန်း၊ မန်ပိန်း၊ နမ်ဟူးကျေးရွာတွေဘက်က ဒေသခံ အိမ်ထောင်စု ၁၈၃ စု၊ လူဦးရေ ၁,၀၁၅ ဦးတို့ဟာ အခင်းတဲနေရာတွေနဲ့ မိုးကာပလပ်စတစ် တဲနေရာတွေမှာ တိမ်းရှောင်နေထိုင်နေကြတာ တစ်လနီးပါးရှိနေပြီလို့ ဆိုပါတယ်။
သီးနှံရိတ်သိမ်းဖို့ အခွင့်အရေးရတုန်း စပါးတွေရိတ်သိမ်းထားနိုင်ပြီဖြစ်ပေမဲ့ ခြွေယူဖို့ ခက်ခဲတဲ့အတွက် စားဝတ်နေရေး ခက်ခဲမှုတွေရှိနေသလို ဖျားနာတဲ့သူတွေကို ဆေးကုသနိုင်ဖို့ အခက်အခဲတွေလည်းရှိနေတယ်လို့ မုံးစီးဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“စပါးကိုကြည့်ပြီး ဆာလောင်နေရတဲ့ အခြေအနေဖြစ်နေတာ။ မိုးကာတဲတွေမှာပဲနေနေတော့ ဖျားနာမှု ကြုံလာတဲ့သူတွေကို ဆေးကုယူဖို့ အခက်အခဲတွေလည်း ရှိတယ်။တာမိုးညဲ ကားလမ်းတွေဖြတ်လို့မရတော့ မွေးဖွားတာလိုမျိုး နာတာရှည်ဖျားနာတဲ့သူတွေအတွက်တော့ အရမ်းခက်ခဲနေတာ။” လို့ ဒေသခံက ဆိုပါတယ်။
တိမ်းရှောင်နေသူတွေထဲမှာ ကလေးငယ်တွေလည်း အများအပြားပါဝင်သလို တိုက်ပွဲစတင်လာကတည်းက ကျောင်းတွေလည်း ပိတ်ထားရတဲ့အတွက် ကျောင်းတက်ရောက်နိုင်တာလည်း မရှိဘူးလို့ သိရပါတယ်။
လက်ရှိအချိန် မုံးစီးဒေသဘက်မှာ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်တပ်တွေ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်တာနဲ့ လေယာဉ်ဗုံးကြဲတိုက်ခိုက်တာတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။
“တိုက်ပွဲတွေ အမြဲလိုလိုဖြစ်တယ်။ မနေ့ရှေ့တစ်နေ့ကလည်း တစ်နေကုန်နီးပါးဖြစ်တယ်။ လေယာဉ်နဲ့လာပစ်တယ်။လက်နက်ကြီးတွေပစ်တယ်။ ပြည်သူတွေရှိတဲ့ဘက်တွေ ပစ်ထည့်နေတာ။ လေယာဉ်နဲ့ ဗုံးလာကြဲလို့ အရပ်သားအိမ် ၁၀ အိမ်လောက်လည်း ထိတယ်။“လို့ ဒေသခံက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ အစောပိုင်းတုန်းက စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ပန်ယန်းခါးကျေးရွာထဲ ပစ္စည်းသွားယူတဲ့ ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရပြီး ကွတ်ခိုင်ဆေးရုံမှာ ဆေးကုသခံယူနေရတဲ့အပြင် လေယာဉ်ဗုံးကြဲခံရတာတွေကြောင့် အရပ်သားနေအိမ် ၁၀ လုံးလောက် ထိခိုက်ပျက်စီးပြီး လုံးဝယူလို့မရတော့တဲ့ နေအိမ်တွေအထိ ရှိတယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့အပတ်တွေကတော့ ကျေးရွာထဲ ခဏတဖြုတ်သွားပြီး ကြက်၊ဝက် အစာကျွေးလို့ရပေမဲ့ ဒီအပတ်အတွင်း တိုက်ပွဲတွေပြန်ပြင်းထန်လာတဲ့အတွက် ကျေးရွာထဲ သွားလို့မရတော့တဲ့ အခြေအနေရှိတယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာတော့ အဲဒီဒေသတွေဘက် ဖုန်းလိုင်းအဆက်အသွယ်တွေ ခက်ခဲနေပြီးတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် တိမ်းရှောင်ကြတဲ့ ဒေသခံတွေလည်းရှိတယ်လို့ သိရပါတယ်။







