နိုဝင်ဘာ၊၃၀
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အနေနဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်မှု အားကောင်းဖို့ ဌာန ၇ ခု ဖွဲ့စည်းထားသလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့လည်း ပူးပေါင်းဆောင်ရွက်နေတယ် လို့ IEC ရဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။
” ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီအနေနဲ့ ပြည်သူဝန်ဆောင်မှုပေးဖို့ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နိုင်ဖို့ တစ်နည်းအားဖြင့် အုပ်ချုပ်ရေး ယန္တရားကို လည်ပတ်မှုအားကောင်းဖို့ အထောက်အကူပြု ၁၂ ခုဖွဲ့ဖို့ လျာထားခဲ့ကြတာပါ။
မနေ့နိုဝင်ဘာလ ၂၉ ရက်နေ့ထိကတော့ ဌာန ၇ ခုကို ဖွဲ့ပြီးဖြစ်ပါတယ်။” လို့ IEC အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
လတ်တလောဖွဲ့စည်းထားတဲ့ ဌာနတွေကတော့ ပြည်ထဲရေးဌာန၊ ပညာရေးဌာန၊ ကျန်းမာရေးဌာန၊လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် အခွန်ဌာန၊အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာနဲ့ တရားရေးဌာနတို့ ဖြစ်တယ်လို့ သိရပါတယ်။
“ဖွဲ့စည်းပြီးတဲ့ဌာန တွေကတော့ NUG က သက်ဆိုင်ရာဌာန နဲ့ ဥပမာ ကျန်းမားရေးဆို ကျွန်တော်တို့မှာရှိတဲ့ ကျန်းမားရေးဌာနနဲ့ NUG က ကျန်းမားရေးဌာန နဲ့ချိတ်ဆက်ပြီး အတူတကွ အလုပ်လုပ်ဆောင်နေတာရှိတယ်။ ထိုနည်းတူ ပညာရေးရော အမျိုးသမီးကလေးသူငယ်ဌာနတို့ကလည်း တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်နေတာ ရှိပါတယ်။” လို့ ခူးပလုရယ်က ရှင်းပြပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့က ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီဖွဲ့ပြီးနောက်ပိုင်းမှာ ဌာနတွေကို စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီးတော့ သစ်တော၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၊ကူးသန်းရောင်းဝယ်ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဌာန၊ တိုင်းရင်းသားရေးရာနှင့် ယဥ်ကျေးမှုဌာန၊ သုတေသနဌာန တို့ကို ထပ်မံဖွဲ့စည်းဖို့ လုပ်ဆောင်နေတယ်လို့ လည်း သိရပါတယ်။
လတ်တလောမှာတော့ ကရင်နီပြည်နယ် လွိင်ကော်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။







