စစ်တပ်ရဲ့ မူဆယ်က နမ့်ပေါ်စခန်းကို တစ်လကျော်တိုက်ခိုက်ပြီးတဲ့နောက် TNLA ဒီနေ့သိမ်းပိုက်

222
ဓာတ်ပုံ - TNLA က နမ့်ပေါ်စခန်းသိမ်းပြီးနောက် သိမ်းဆည်းရမိခဲ့သည်ဆိုသည့် လက်နက်ခဲယမ်းများကို ထုတ်ပြန်ထားစဉ်။

 

ဒီဇင်ဘာ၊ ၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်က စစ်ကောင်စီရဲ့ နမ့်ပေါ်တပ်စခန်းကို တစ်လကျော်ကြာ တိုက်ခိုက်ပြီး ဒီနေ့မနက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီလို့ TNLA က သိရပါတယ်။

အဲဒီစခန်းကို ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကတည်းက တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီနေ့မနက် ၅ နာရီမှာ သိမ်းပိုက်နိုင်ခဲ့တာလို့ တအာင်းတပ်မတော် (TNLA) က ဆိုပါတယ်။

စခန်းသိမ်းပိုက်ပြီးတဲ့အချိန် စစ်သုံ့ပန်း ၂ ယောက်ကိုလည်း ဖမ်းမိခဲ့ပြီး ၆၀ မမ လက်နက်ကြီး၊ လက်နက်မျိုးစုံ (၃၂)လက်၊ ကျည်ဆံအများအပြားနဲ့ တခြားစစ်သုံးပစ္စည်းတွေကို သိမ်းမိခဲ့တယ်လို့ သိရပါတယ်။

အဲဒီစခန်းကို တိုက်ခိုက်တဲ့အချိန် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၂၉ ကြိမ် ထက်မနည်း ပြုလုပ်ခဲ့တယ်လို့လည်း TNLA က ထုတ်ပြန်ထားပါတယ်။

နမ့်ပေါ်စခန်းသိမ်းတိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့တော့ မြစ်ကြီးနားသတင်းဂျာနယ်က TNLA ကို ဆက်သွယ်မေးမြန်းနေတုန်းပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့တုန်းကလည်း လားရှိုးမြို့နယ်ထဲက စစ်ကောင်စီရဲ့ အရေးပါတဲ့ မိုင်းကျက်စခန်းကို တစ်လနီးပါး တိုက်ခိုက်ပြီးတဲ့နောက် TNLA က သိမ်းပိုက်ခဲ့ပါသေးတယ်။

အဲဒီစခန်းကနေလည်း လက်နက်ခဲယမ်းသေတ္တာ ၁၀၀ ကျော်၊ လက်နက်ငယ် ၆၀ ဝန်းကျင်နဲ့ ၈၁ မမ အမြောက် ၃ လက်၊ ၆၀ မမ ၁ လက်၊ ဟောင်ဝပ်ဇာအမြောက်ကျည်တွေနဲ့ တခြားဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့လည်း ဓာတ်ပုံတွေနဲ့တကွ TNLA က ထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ – TNLA က နမ့်ပေါ်စခန်းသိမ်းပြီးနောက် သိမ်းဆည်းရမိခဲ့သည်ဆိုသည့် လက်နက်ခဲယမ်းများကို ထုတ်ပြန်ထားစဉ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here