ဟုမ္မလင်းမြို့နယ်၊ လွှစင်ကုန်းကျေးရွာတွင် စစ်ကောင်စီ SNA ပူးပေါင်းတပ်များနှင့် PDF တို့ တိုက်ပွဲဖြစ်ပွားနေ

348

နိုဝင်ဘာ၊ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ လွှစင်ကုန်းကျေးရွာမှာ စစ်ကောင်စီ SNA ပူးပေါင်းတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီးတွေပစ်ခတ်ပြီး ထိုးစစ်ဆင်လာတဲ့အတွက် ဒီကနေ့မနက်ပိုင်း ၅ နာရီခွဲလောက်ကတည်းကနေ တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေတဲ့ဘက် စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်စုပေါင်းတပ် ၄ ဖွဲ့ကတော့ လွှစင်ကုန်းကျေးရွာ တောင်အောက်မှာရှိတဲ့ စစ်ကောင်စီ SNA ပူးပေါင်းစခန်းကို သိမ်းပိုက်ထားပြီဖြစ်ပြီး တောင်ပေါ်ဘက်မှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေတာလို့ ဆိုပါတယ်။

” နောင်ပိုအောင် လွှစင်ကုန်းမှာ အခုတိုက်ပွဲဖြစ်နေတယ်။ ကိုးနာရီခွဲမှာ လေယာဉ်လာကြဲတယ် ။ လွှစင်ကုန်း တောင်ပေါ်တောင်အောက်ရှိတယ်။ လေးဖွဲ့က တောင်အောက် စခန်းကို သိမ်းထားပြီ။ လွှဇင်ကုန်း တောင်ပေါ်စခန်းပဲကျန်တော့တာ။” လို့ အထက်ပါနီးစပ်သူက ဆိုပါတယ်။

စစ်ကောင်စီ ပူးပေါင်းအဖွဲ့ကို တိုက်ခိုက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတွေကတော့ ခန္တီးတပ်ရင်း ၁ ၊ ဗိုလ်မိုးကြိုးတပ်၊ ဦးရှမ်းကြီးတပ်ဖွဲ့နဲ့ ၁၂၄ တပ်ရင်းတို့ဖြစ်တယ်လို့လည်း သိရပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း ရှမ်းနီ SNA တပ်ဘက်က ထိခိုက်ကျဆုံးမှုတွေရှိတယ်လို့ ကြားရပြီး အတိအကျ မသိရှိရသေးပါဘူး။

စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်တွေဟာ တိုက်ပွဲမဖြစ်ပွားခင်ကတည်းက ပုံမှန် အင်အား ၈၀ လောက်ရှိတဲ့နေရာမှာ အင်အား ၂၀၀ လောက်ထိ ဖြည့်တင်းထားတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် လွှစင်ကုန်းကျေးရွာတစ်ဝိုက်က ဒေသခံတွေလည်း စစ်ကောင်စီနဲ့ SNA ပူးပေါင်းတပ်ဘက်က အင်အားဖြည့်တင်းလာကတည်းက နီးစပ်ရာကို တိမ်းရှောင်နေကြတယ်လို့လည်း ဆိုပါတယ်။

ဓါတ်ပုံ- PDF စစ်ကြောင်းစစ်ခု(ပုံဟောင်းဖြစ်ပါသည်)၊ Credit- NUG(Ministry Of Defense)

LEAVE A REPLY

Please enter your comment!
Please enter your name here