ဇူလိုင်၊၉
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝါရာဇွပ်ကျေးရွာ အုပ်စု၊ ရှဒူးဇွပ်ကျေးရွာမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပြည်သူ့စစ်တို့ ဖြစ်ပွါးတဲ့ နှစ်ဖက်တပ်တိုက်ပွဲကြောင့် ဒေသခံအရပ်သားတစ်ဦး လက်နက် ထိမှန်သေဆုံးပြီး နေအိမ် ထိခိုက်ပျက်စီးမှု များခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင်လ ၈ ရက်နေ့ မနက်က ရှဒူးဇွပ်ကျေးရွာ ရွာလယ်မှာရှိတဲ့ ပြည်သူ့စစ် ဂိတ်စခန်းကို KIA ကနေ သွားရောက် တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တပ် တိုက်ပွဲ ဖြစ်ပွါးခဲ့တာပါ။
နှစ်ဖက်တပ် ပစ်ခတ်မှုတွေကြောင့် ရွာအတွင်းက အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး ဒေသခံ ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ရှဒူးဇွပ် ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။
“လက်၊ ခြေတွေတို့မှာ ထိခိုက်ဒဏ်ရာ ရရှိကြတာ။ဒဏ်ရာရတဲ့အထဲ ကလေးတွေတော့ မပါဘူး။ တစ်ယောက်က စိုးရိမ်ရတယ်တဲ့”လို့ ဒေသခံက ပြောပါတယ်။
ဒါ့အပြင် နေအိမ် အနည်းဆုံး ၁၀ လုံးထက်မနည်း ပျက်စီးသွားပြီး KBC ဘုရားကျောင်းဝင်းက နေအိမ်လည်း ထိခိုက် ပျက်စီးသွားတယ်လို့ အထက်ပါ ဒေသခံက ဆက်လက် ပြောပါတယ်။
“ရပ်ကွက် ၂ ဘက် ပိုထိ။ ရွာထိပ်၊ ရွာအောက်ပဲ အားလုံးပေါင်းရင် ၁၀ အိမ်ကျော်တယ်။ ထံရံတွေ၊ ခေါင်မိုးတွေ လန်သွားတာ”လို့ သူက ဆိုပါတယ်။
ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ ပြည်သူ့စစ် ခေါင်းဆောင် ဦးမင်းဇေသန့် နေအိမ်ပါ ပစ်ခတ်ခံခဲ့ရတဲ့အပြင် အစ်ကို ဖြစ်သူ ဒုတိယမြောက်သား အသက် ၄၁ နှစ်အရွယ် အငယ်လေးဆိုသူ မနေ့ကတိုက်ပွဲမှာ သေဆုံးခဲ့ရတယ်လို့ သိရပေမဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိပါဘူး။
မနေ့က တိုက်ပွဲမှာ နှစ်ဖက်တပ် ထိခိုက်သေဆုံးမှုတွေ ရှိပြီး အတိအကျကိုတော့ ပြောဆိုဖို့ ခက်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။