ဩဂုတ်၊၃၀
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာစစ်ကောင်စီတပ်စခန်းကနေ လက်နက်ကြီးပစ်ခတ်လို့ ဒေသခံ ၁ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။
နမ့်ဖတ်ကာကျေးရွာမှာရှိတဲ့ အဲဒီစစ်ကောင်စီတပ်စခန်းကနေ ဒီကနေ့ မနက်ပိုင်းက ကျေးရွာထဲ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာကြောင့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးသွားပြီး နောက်ထပ် ၃ ဦးလည်းထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
” ဒီမနက် ပြည်သူတွေရှိတဲ့နေရာမှာ စစ်တပ်က လက်နက်ကြီးပစ်ထည့်လိုက်လို့ ဒေသခံ ၃ ဦးထိပြီး ကွတ်ခိုင်ဆေးရုံမှာတင်ထားတယ်။ မနေ့ကလည်းပစ်တယ်။ ဒီနေ့လည်း ပစ်တယ်။” လို့ ဒေသခံက ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေက နမ့်ဖတ်ကာရွာက အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးနဲ့ အမျိုးသားတစ်ဦးအပြင် အသက် ၂၁ နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦးတို့ဖြစ်ပြီး ကွတ်ခိုင်ဆေးရုံမှာ ဆေးကုသခံယူနေတယ်လို့ သိရပါတယ်။
ထိခိုက်သွားတဲ့ အသက် ၂၁ နှစ်အရွယ် လူငယ်က မိုင်းစဝင်တာလည်းရှိတာကြောင့် ခွဲထုတ်ဖို့ လုပ်ဆောင်နေကြောင်း သိရတယ်လို့လည်း ဆိုပါတယ်။
“ကောင်လေးက အဝတ်လျှော်ပြီး လှန်းနေတဲ့အချိန် သူ့အနားမှာလာကျတော့ သူ့ရဲ့ တင်ပါးဆုံမှာ သွားထိတယ်။ သူက ပုခုံးမှာရော ကျောလယ်မှာရော ဆိုတော့ ၄ နေရာမှာထိတယ်။” လို့ အထက်ပါဒေသခံက ဆက်လက်ပြောပြပါတယ်။
နမ့်ဖတ်ကာ တပ်စခန်းဟာ မနေ့ကတည်းက ပြည်သူတွေရှိတဲ့ဘက်ကို လက်နက်ကြီးတွေ အကြောင်းမဲ့ ပစ်ခတ်နေတာဖြစ်ပြီး လွန်ခဲ့တဲ့ ဇူလိုင်လတုန်းကလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် နမ့်ဖတ်ကာ ဒေသခံတွေ ထိခိုက်ဒဏ်ရာရရှိတာ ရှိသလို သေဆုံးသူလည်း ရှိခဲ့ပါတယ်။







