ဩဂုတ်၊၄
ကချင်ပြည်နယ်၊ဖားကန့်မြို့ ၊မော်မောင်းဘွမ်ကျေးရွာက ကုမ္ပဏီလုပ်ကွက်တစ်ခုမှာ ဒီကနေ့ ညနေ ၄ နာရီလောက်က မြေစာပုံပြိုပြီး အမျိုးသားတစ်ဦး ရေနစ်သေဆုံးသွားတယ်လို့ သိရပါတယ်။
ရေမဆေးကျောက်ရှာဖွေနေရင်း မြေစာပုံပြိုကျတဲ့အချိန် ချောင်းထဲကျပြီးတော့ ရေနစ်သေဆုံးသွား တာဖြစ်တယ်လို့ ဖားကန့် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“ဘယ်လောက်မကြာဘူး။ သူကမျောသွားတယ်ဆိုတော့ ပြန်ရှာတွေ့တယ်။”လို့ အထက်ပါ ဒေသခံ ကပြောပါတယ်။
သေဆုံးသူမှာ ကိုဖိုးချင်ဆိုသူဖြစ်ပြီး အသက် ၄၅နှစ် ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီအမျိုးသားဟာ မိုးအရမ်းရွာနေတဲ့အချိိန် ကျောက်ရှာဖွေနေတာကြောင့် ရေမဆေးမျှောချောင်းမှာ မျောပါသွားပြီး အသက်သေဆုံးခဲ့တာ ဖြစ်တယ်လို့ နောက်ထပ်ဒေသခံတစ်ဦးကလည်း ပြောပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မိုးတွင်းရာသီရောက်တိုင်း မြေစာပုံပြိုကျတဲ့ဖြစ်စဉ်တွေ မကြာခဏဖြစ်ပွားလေ့ရှိပြီး ရေမဆေးကျောက်ရှာဖွေသူတွေနဲ့ ကုမ္ပဏီလုပ်သားတွေ အသက်ဆုံးရှုံးနေရတာ ဖြစ်ပါတယ်။







