အောက်တိုဘာ၊၅
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ တရုံကျေးရွာအတွင်း မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲသူတွေ များလာတဲ့အတွက် လူမျိုးပေါင်းစုံပါဝင်တဲ့ မူးယစ်ဆေးဝါးနှိမ်ရေး အဖွဲ့တစ်ခုကို ဖွဲ့စည်းပြီး မေလလောက်ကနေ အသိပညာပေး၊ သတိပေးလုပ်ဆောင်ချက်တွေ လုပ်ဆောင်နေပြီလို့ သိရပါတယ်။
ရွာအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေ များလာတဲ့အတွက် ဘာသာလူမျိုးပေါင်းစုံနဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့တစ်ခုကို ဖွဲ့စည်းလိုက်ပြီး အသိပညာပေးမှုတွေ လုပ်ဆောင်နေကြတယ်လို့ တရုံကျေးရွာဒေသခံ ပြည်သူတစ်ဦး မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလိုပြောပါတယ်။
“ဒီအဖွဲ့မှာ အသင်းတော်တိုင်း ပါဝင်တယ်။ ဗုဒ္ဓရောပါတယ်။ လူမျိုးပေါင်းစုံ ပါဝင်ရမယ်။ အားလုံးမပူးပေါင်းရင် ဒီလုပ်ငန်းဟာ ဘယ်လိုမှ မအောင်မြင်ဘူးဆိုပြီး အားလုံးစုပေါင်းပြီး လူမျိုးမရွေး ဘာသာမရွေး ပါဝင်ရမယ်လို့ ဆုံးဖြတ်ထားတဲ့အတိုင်း ဖွဲ့ပြီး အသိပညာပေးတာတွေ လုပ်ဆာင်လာတယ်”လို့ ဒေသခံက ပြောပါတယ်။
ဒါ့အပြင် ဒေသခံရဲ့ ပြောပြချက်အရ တရုံကျေးရွာအတွင်း ရပ်ကွက် ၅ ခုလောက်ရှိပြီး ရပ်ကွက်တစ်ခုမှာ ပျမ်းမျှ အိမ်ခြေ ၅၀ လောက်ကနေ အိမ်ခြေ ၁၀ ခုလောက်ဟာ မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲသူတွေ ရှိနေတဲ့ အနေအထားရှိနေတယ်လို့လည်း ဆိုပါတယ်။
လက်ရှိ ရွာအတွင်း မူးယစ်ဆေးဝါး အမျိုးအစားတွေဖြစ်တဲ့ ဘိန်းဖြူနဲ့ ရာမကို ရောင်းဝယ်သုံးစွဲတာ အများဆုံးတွေ့နေရပြီး အထက်ပါ မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့ဟာလည်း မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲတဲ့ နေအိမ်တွေကို လိုက်လံပညာပေးတာတွေ၊ သတိပေးတာတွေ လုပ်ဆောင်နေကြတယ်လို့လည်း အထက်ပါဒေသခံက ဆက်လက် ဆိုပါတယ်။
“သူတို့ကို နားလည်လာအောင် လမ်းပြဆုံးမမယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ရောင်းတဲ့ အိမ်တွေမှာ လှည့်လည်ပြီး ပညာပေးအစီအစဉ်တွေ လုပ်တယ်။ သုံးခါ သတိပေးတာတွေ လုပ်ပြီး လေးခါဆိုရင် လက်တွေ့ ပညာပေးတာတွေ လုပ်မယ်လို့ ကြားတယ်”လို့ ဒေသခံက ပြောပါတယ်။
မူးယစ်ဆေးဝါးသုံးစွဲသူတွေထဲ အမျိုးသားတွေသာမက အမျိုးသမီးသုံးစွဲသူတွေပါ ရှိလာနေပြီလို့လည်း ကြားသိရပါတယ်။
တရုံကျေးရွာမှာ အိမ်ခြေ ၃၀၀ ကျော်လောက်ရှိပြီး လက်ရှိ နိုင်ငံရေးအခြေအနေအရ ည ၆နာရီကနေ မနက် ၆ နာရီအထိ သွားလာတာတွေ မပြုလုပ်ကြဖို့ စစ်ကောင်စီကနေ ဩဂုတ်လ ဒုတိယအပတ်က ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။







