ဇွန်၊၂၆
အကျဉ်းထောင်ထဲမှာ မူးယစ်ဆေးဝါးရောင်းဝယ်နေတာကို တိုင်ကြားဖို့လုပ်ဆောင်ခဲ့တဲ့ မန္တလေးအိုးဘိုအကျဉ်းထောင်က နိုင်ကျဉ်းတစ်ယောက်ကို ထောင်ဝန်ထမ်းတွေက ဝိုင်ဝန်းရိုက်နှက်တာကြောင့် သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကနေ သိရပါတယ်။
သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟာ စစ်ကိုင်းဒေသခံတစ်ယောက်ဖြစ်ပြီးတော့ ထောင်ဒဏ် ၄ နှစ် ချမှတ်ခံထားရတဲ့ အသက် ၂၃ နှစ်အရွယ် ကိုထက်ရန်နိုင်(ခ)ကိုထက် ဖြစ်ပါတယ်။
အိုးဘိုအကျဉ်းထောင် အမျိုးသားအိပ်ဆောင် ၃ နေ ကိုထက်ရန်နိုင်ကို အကျဉ်းထောင်ဝန်ထမ်းဖြစ်တဲ့ ဒုအဆောင်မှူးအပါအဝင် အကျဉ်းဦးစီးဝန်ထမ်းတွေက ဝိုင်းဝန်းရိုက်နှက်ခဲ့တာဖြစ်တယ်လို့ PPNM က ဆိုပါတယ်။
ဇွန်လ ၂၀ ရက်နေ့ မနက်ပိုင်းက အိုးဘိုအကျဉ်းထောင်မှာ အခန်းစာရေးလုပ်ကိုင်နေတဲ့ အကျဉ်းသားတစ်ယောက် မူးယစ်ဆေးဝါး အရောင်းဝယ်လုပ်နေတာကို ကိုထက်ရန်နိုင်က တွေ့ရှိခဲ့ပြီးတော့ တိုင်ကြားမှုပြုလုပ်ဖို့ ကြိုးစားခဲ့တာဖြစ်ပြီး အခန်းသူကြီး(တန်းစီး)က မတိုင်တန်းဖို့ ညှိုနှိုင်းပေးခဲ့တာကြောင့် တိုင်တန်းမှုမပြုလုပ်ခဲ့ဘူးလို့ PPNM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ မူးယစ်ဆေးရောင်းဝယ်နေတဲ့ အခန်းစာရေးအကျဉ်းသားဟာ အဆောင် ၃ ဒုအဆောင်မှူး တပ်ကြပ်ဇေယျာအောင်ကို တိုင်ကြားခဲ့ပြီးတော့ ကိုထက်ရန်နိုင်ကို ဝိုင်းဝန်းရိုက်နှက်ခဲ့တာဖြစ်တယ်လို့ PPNM က ဆိုပါတယ်။
ကိုထက်ရန်နိုင်ကို ဝါးဆစ်ပိတ်တုတ်၊သံတုတ်၊ကျဉ်စက်တွေနဲ့ ဝိုင်းဝန်းရိုက်နှက်နှိပ်စက်တာကြောင့် အသက်ဘေးက လွတ်မြောက်ဖို့ ထွက်ပြေးခဲ့ပြီး အဆောင် ၅ စိုက်ခင်းအရှေ့မှာ ထပ်မံရိုက်နှက်နှိပ်စက်ခဲ့ခံရပြီးတော့ ဦးခေါင်းပေါက်ပြဲဒဏ်ရာ ခန္ဓာကိုယ်အနှံ့ဒဏ်ရာတွေနဲ့ မေ့မြောလုနီးပါးဖြစ်နေတဲ့အချိန် ဝှီးချဲပေါ်တင်ကြိုးတုပ်ပြီး အရူးတိုက်ထဲ ပစ်ထားခဲ့တာကို သိရှိခဲ့ရတယ်လို့ PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦး က မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“ကြိုးတုပ်ပြီး အရူးတိုက်ထဲပို့တာ။ နောက်မှ မန္တလေးပြည်သူဆေးရုံကို အရေးပေါ်ဆိုပြီးပို့တာ။ အဲ့ဒါကြောင့် ကိုထက်ရန်နိုင်က မန္တလေးပြည်သူဆေးရုံမှာ မြင့်မြတ်စွာနဲ့ ကျဆုံးခဲ့ရတာလည်း ဖြစ်ပါတယ်။“လို့ ကိုသိုက်ထွန်းဦး ကပြောပါတယ်။
ကိုထက်ရန်နိုင်ကို ရိုက်နှက်နှိပ်စက်သူတွေဟာ ထောင်ပိုင်လေး ဦးဇော်ထွန်း ခွင့်ပြုချက်နဲ့ တပ်ကြပ်ဇေယျာအောင်၊တပ်သားမြတ်မင်းသူ၊တပ်သားမိုးမင်းထက်၊အကျဉ်းသားဖိုးကေ အပါအဝင် အခြားအကျဉ်းထောင်ဝန်ထမ်းတွေ ဖြစ်တယ်လို့ သိရပါတယ်။
ဝိုင်းဝန်းရိုက်နှက်ခံတဲ့အချိန်ဟာ ဇွန် ၂၀ ရက်နေ့ မနက်ပိုင်း ၁၀ နာရီအချိန်မှာ ဖြစ်ပြီးတော့ အသက်ငွေ့ငွေ့သာကျန်ရှိတော့တဲ့ နေ့လယ် ၁ နာရီ အချိန်ရောက်မှသာ မန္တလေးပြည်သူ့ဆေးရုံကြီးကို လွှဲပြောင်းပို့ဆောင်ပေးခဲ့တာလို့ PPNM က အသိပေးထုတ်ပြန်ထားပါတယ်။







