KIA အရာရှိဟောင်းနေအိမ်ကို ဗုံးခွဲဖျက်ဆီးချိန် ဘေးအိမ်က ကျောင်းဆရာမတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

192
KIA အရာရှိဟောင်းနေအိမ်ကို ဗုံးခွဲဖျက်ဆီး

အောက်တိုဘာ၊၁၉

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ညောင်ပင်ရပ်ကွက်က KIA အရာရှိဟောင်းနေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့က ဗုံးခွဲဖျက်ဆီးချိန် ဘေးအိမ်က ကျောင်းဆရာမတစ်ဦး ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် အဲဒီနှစ်ထပ်တိုက်အိမ်နဲ့ မီးဖိုချောင်အပါအဝင် ဘေးအိမ်မှာ ရေချိုးနေတဲ့ ကျောင်းဆရာမတစ်ဦးရဲ့ ဦးခေါင်းနဲ့ ဝမ်းဗိုက်မှာထိမှန်ခဲ့တယ်လို့ ညောင်ပင်ရပ်ကွက်နေ ဒေသခံတစ်ဦးကပြောပါတယ်။

“ပေါက်ကွဲမှာကို အိမ်နောက်က ကျောင်းဆရာမတစ်ဦးက မသိဘဲ ရေချိုးနေတာ။ သူ့ကိုလည်း ထိသွားတယ်တဲ့။ ထိသွားတဲ့အတွက် ဆေးရုံရောက်နေတယ်။” လို့ ဆိုပါတယ်။

အဲဒီအိမ်ကို ဗုံးမခွဲခင် အောက်တိုဘာလ ၁၇ ရက်နေ့ည ၁၂ နာရီလောက်မှာ စစ်ကောင်စီတပ်က အိမ်အတွင်းဝင်ရောက်ကာ KIA အရာရှိဟောင်းဖြစ်သူ အိမ်ရှင်အမျိုးသား ဒရှီလဒွဲနဲ့ သူရဲ့ဇနီးအပြင် အစ်ကိုဖြစ်သူရဲ့သားတို့ကို ဖမ်းသွားကြတာဖြစ်တယ်လို့ သိရပါတယ်။

နောက်တစ်နေ့ အောက်တိုဘာလ ၁၈ ရက်နေ့ နေ့လယ် ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ ပြန်ရောက်လာကြပြီး အဲဒီအိမ်ကိုသွားတဲ့ လမ်းကြားထိပ် နှစ်ဖက်စလုံးကို ဝါးလုံးနဲ့ တားပိတ်လိုက်ပြီး စပ်သားတွေ လုံခြုံရေးယူလိုက်ကြတယ်တယ် သိရပါတယ်။

အဲဒီနောက် အိမ်ထဲကိုဝင်ပြီး သူတို့ကြိုက်တဲ့ တန်ဖိုးရှိပစ္စည်းတွေထုတ်ယူကာ ညနေပိုင်း ၆ နာရီ နဲ့ ၇ နာရီဝန်းကျင်လောက်မှာ အိမ်ကို ဗုံးနှစ်ကြိမ်ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရတဲ့ အကြောင်းအရင်းနဲ့ နေအိမ်ကို ဗုံးခွဲဖျက်ဆီးတဲ့အကြောင်းကို အတိအကျမသိရှိပေမဲ့ အိမ်ရှင်အမျိုးသားက KIA အရာရှိဟောင်းဖြစ်တဲ့အတွက် အဲဒီလိုပြုမူတာ ဖြစ်နိုင်တယ်လို့ ယူဆနေကြကြောင်း ညောင်ပင်ရပ်ကွက်က ဒေသခံတစ်ဦးကပြောပါတယ်။

လတ်တလောမှာ စစ်ကောင်စီတပ်တွေဟာ ဗန်းမော်မြို့အတွင်း ပြည်သူတွေကို ဆက်တိုက်ဆိုသလို ဖမ်းဆီးမှုတွေ ပြုလုပ်နေတဲ့အပြင် မြို့အဝင်အထွက် ဂိတ်တွေမှာလည်း အစစ်အဆေးတွေ တင်းကျပ်ပြီး ပြည်သူတွေကို ဖမ်းဆီးတာ၊ လိုင်စင်မဲ့ဆိုင်ကယ်တွေကို ဖမ်းဆီးတာတွေ ပြုလုပ်နေကြတယ်လို့ သိရပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here