ဩဂုတ်၊၂၀
မိုးညှင်းမြို့နယ်အတွင်းက NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် (၂) ဦးရဲ့ နေအိမ်နဲ့ ပြည်သူ (၂) ဦးရဲ့နေအိမ်တွေကို မနေ့က တစ်ရက်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကနေ ချိပ်ပိတ်ခဲ့တယ်လို့ သိရပါတယ်။
မိုးညှင်းမြို့နယ် အမှတ် (၁) မဲဆန္ဒနယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦတင်အေးနဲ့ နန်းမားမြို့က လွှတ်တော်ကိုယ်စားလှယ် ဦးမင်းဆွေနိုင် အပါအဝင် မိုးညှင်းမြို့ကကြယ်စင်စတိုးဆိုင်နဲ့ Lifecafé ကော်ဖီဆိုင် စုစုပေါင်း (၄) နေရာကို ချိပ်ပိတ်ခဲ့တာဖြစ်တယ်လို့ နီးစပ်သူတစ်ဦးကမြစ်ကြီးနား သတင်းဂျာနယ်ကို ပြောပါတယ်။
” အိမ်နှစ်အိမ်ကကျတော့ ကိုကျော်ခိုင်ဝင်းရယ် ၊ ကိုဝေယံ ရဲ့ အိမ်တွေရှင့် ။ ကိုကျော်ခိုင်ဝင်းကျတော့ ကြယ်စင်စတိုးလေ ။ ကိုဝေယံက ကျတော့ Life Café ကော်ဖီဆိုင်ပေါ့ ။ လွှတ်တော်ကိုယ်စားလှယ်က ကျတော့ဦးတင်အေးရယ် ကိုမင်းဆွေနိုင်ပေါ့ ။ ကိုမင်းဆွေနိုင်ကျတော့ နမ်းမားမြို့က။ ” လို့ဆိုပါတယ်။
ကိုကျော်ခိုင်ဝင်း နဲ့ ကိုဝေယံတို့ နှစ်ဦးဟာ မိုးညှင်းမြို့ရဲ့ သာရေး ၊ နာရေးနဲ့ ပရဟိတ လုပ်ငန်းတွေမှာ ဦးဆောင်ပါဝင်သူတွေဖြစ်သလို ကိုဗစ်ကာလအတွင်းကလည်း ပြည်သူတွေအတွက် ကူညီထောက်ပံ့မှုတွေများစွာလုပ်ဆောင်ခဲ့သူတွေဖြစ်ပြီး သူတို့ကို စစ်ကောင်စီက ပုဒ်မ ၅၀၅ – က နဲ့ ဖမ်းဝရမ်း ထုတ်ထားရတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် မိုးညှင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်းရဲ့ နေအိမ်ကိုလည်း စစ်ကောင်စီကနေ ပြီးခဲ့တဲ့ ဇူလိုင်လ အစောပိုင်းက ချိပ်ပိတ်ခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ ဇူလိုင်လအကုန်ထိအကြမ်းဖက်စစ်အုပ်စုရဲ့ မတရားချိပ်ပိတ်သိမ်းဆည်းခံရတဲ့ နေအိမ် အဆောက်အဦ အရေအတွက် စုစုပေါင်း(၇၀၉) ခုထက်မနည်းရှိတယ်လို့ သိရပါတယ်။
ဓါတ်ပုံ – (Credit) NLD အမတ် ဦးမင်းဆွေနိုင်နှင့် ဦးတင်အေး







