ဒီဇင်ဘာ၊ ၆
ကုလားတန်မြစ်ဘေးမှာရှိတဲ့ စစ်တပ်ရဲ့ စခန်းကြီးတစ်ခုဖြစ်တဲ့ နှုံးဘူးဗျူဟာကုန်းကို ဒီနေ့ အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ရက္ခိုင့်တပ်တော် (AA) က သိရပါတယ်။
စစ်ကောင်စီဘက်ကလည်း ဒီနေ့မနက် ၉ နာရီလောက်ကစပြီး ဂျက်လေယာဉ်တွေ၊ လက်နက်ကြီးပစ်ကူတွေနဲ့ အပြင်းအထန်ခုခံနေတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
အခုတိုက်ခိုက်နေတဲ့ နှုံးဘူးဗျူဟာကုန်းဟာ AA က ဒီဇင်ဘာ ၄ ရက်နေ့မှာ သိမ်းပိုက်ခဲ့တဲ့ တရွန်အိုင်ဗျူဟာကုန်းရဲ့ တောင်ဘက်မှာရှိတဲ့ စခန်းတစ်ခုဖြစ်ပြီး စခန်းစုစုပေါင်းရဲ့အကျယ်အဝန်းဟာ အလျားတစ်မိုင်နီးပါးလောက်ရှိပါတယ်။
ပလက်ဝ မြို့နယ်ထဲက ရဟတ်ယာဉ်ကွင်း ၂ ခုရှိတဲ့ “တရွန်အိုင်ဗျူဟာ”စခန်းကုန်းကိုတော့ ရက္ခိုင့်တပ်တော် (AA) က ဒီဇင်ဘာ ၄ ရက်နေ့မှာ အပြီးသတ် ချေမှုန်းနိုင်ခဲ့ပါတယ်။
အဲဒီစခန်းတွေကို ရခိုင်ပြည်နယ်မှာ တိုက်ပွဲစဖြစ်ပြီးတဲ့နောက် တစ်ရက်ခြားပြီး နိုဝင်ဘာလ (၁၄) ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
တရွန်အိုင်ဗျူဟာကုန်းကိုတော့ တိုက်ခိုက်ပြီး ရက်ပေါင်း (၂၁) ကျော်အကြာ သိမ်းနိုင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဟာ လေကြောင်း၊ လက်နက်ကြီးပစ်ကူအပြင် Chemical Warfare Agents ဓာတုဓာတ်ငွေ့ပါတဲ့ ဗုံးတွေနဲ့ စခန်းမကျရေး ခုခံခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
အဲဒီဗျူဟာကုန်းကနေ ရန်သူ့အလောင်းတွေနဲ့ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင် ပစ္စည်းတွေကို သိမ်းမိခဲ့တယ်လို့ AA ကထုတ်ပြန်ထားပေမဲ့ အတိအကျမဖော်ပြထားပါဘူး။







