စက်သုံးဆီအခက်အခဲကြောင့် မြစ်ကြီးနား-ပူတာအို ပြေးဆွဲနေသည့် ကားများ ထက်ဝက်ခန့်ရပ်နားလိုက်သဖြင့် ကုန်ပစ္စည်းမှာယူရာတွင် အခက်အခဲဖြစ်နေ

427
ပူတာအို-မြစ်ကြီးနားလမ်း

ဩဂုတ်၊၁၈

မြစ်ကြီးနား-ပူတာအို ပြေးဆွဲနေတဲ့ ကားသမားတွေ ဓာတ်ဆီဝယ်ယူရရှိမှု အခက်အခဲဖြစ်နေတာကြောင့် ထက်ဝက်ကျော်လောက်ဟာ ကားပြေးဆွဲတာ ရပ်နားထားလိုက်ရတယ်လို့ သိရပါတယ်။

အရင်က ပုံမှန်ကားအစီး(၄၀)လောက် အတက်အဆင်း လုပ်နေရာကနေ လက်ရှိ ဒီဇယ်နဲ့ မောင်းရတဲ့ ကားတွေက လွဲရင် ကားအသေးပြေးဆွဲတဲ့ ကားမောင်းသမားအများစု ရပ်နားထားလိုက်ရပြီလို့ ယာဉ်မောင်းတွေက ဆိုပါတယ်။

လက်ရှိ မြစ်ကြီးနားမြို့မှာလည်း စက်သုံးဆီတွေကို အကန့်အသတ်နဲ့သာ ရောင်းပေးနေတာကြောင့် ပူတာအိုလို ခရီဝေးပြေးဆွဲမယ့် ကားသမားတွေအတွက် အဆင်မပြေဘူးလို့ မြစ်ကြီးနား-ပူတာအို ပြေးဆွဲနေတဲ့အသက်(၃၀)ဝန်းကျင်အရွယ် ယာဉ်မောင်းတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“အများပိုင်းတော့ သုံးပုံ နှစ်ပုံလောက်တော့ နားသွားပြီ။ တစ်နေ့ကို တစ်စီးနှစ်စီးပဲ ပြေးဆွဲတော့တာ။ ဂိတ် တစ်ခုက (၄)စီးလောက်တော့ ပုံမှန် တက်တယ်။ အခုက အတက်အဆင်းလုပ်တဲ့ ကားတွေတောင် သိပ်မရှိတော့ဘူး” လို့ အထက်ပါယာဉ်မောင်းက ဆိုပါတယ်။

အသက်မွေးဝမ်းကျောင်းအဖြစ် ကားပြေးဆွဲတာကို အဓိကထား လုပ်ကိုင်နေရာကနေ ရပ်နားလိုက်တာ တစ်ပတ်ကျော်လောက် ရှိနေပြီ ဖြစ်တာကြောင့် အခက်အခဲ ဖြစ်လာတယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် မြစ်ကြီးနားကနေ ပူတာအိုဘက် တက်တဲ့ ကားသမားတွေ ရပ်နားကုန်တာကြောင့် ကုန်ပစ္စည်းမှာယူတာတွေမှာ စျေးတွေ မြင့်တက်လာတာတွေ ရှိတာအပြင် ဓာတ်ဆီဝယ်ယူဖို့ ခက်တာကြောင့်ပါ လမ်းသွား လမ်းလာတွေ နည်းပါးလာပြီး စျေးဝယ်ယူသူတွေ မရှိတော့ဘူးလို့လည်း ပူတာအိုမြို့နေ အသက်(၄၀)ဝန်းကျင်အရွယ် စျေးသည်အမျိုးသမီးတစ်ဦးကလည်း အခုလို ပြောပါတယ်။

“အရမ်းအခက်အခဲ ဖြစ်တာတော့ ဟုတ်တယ်။ အကုန်လုံး ဆက်စပ်နေတဲ့ အခါကျတော့လေ။ အထည် တင်ခတွေလည်း စျေးတက်။ ကားအသေးတွေက မထွက်နိုင်တော့ဘူးလို့ ပြောတယ် ဆီစျေးရှားလို့လေ။ အဆင်မပြေကြဘူး အကုန်လုံးနီးပါးပဲ။ ဝယ်သူလည်း မရှိဘူး။ စျေးရောင်းတော့ နေ့တိုင်းလာနေရတာပဲ ဒါပေမယ့် ဝယ်တဲ့ သူကမရှိဘူး” လို့ ဆိုပါတယ်။

ပူတာအိုမြို့ ဓာတ်ဆီဆိုင် တစ်ဆိုင်မှာတော့ မနက်(၇)နာရီကနေ(၉)နာရီအတွင်း အချိန်ကန့်သတ်ချက်နဲ့ ဆိုင်ကယ်တစ်စီးကို ဓာတ်ဆီ(၅)ထောင်ဖိုးနဲ့ ကားတစ်စီးကို (၁)သောင်းဖိုးလောက် ကန့်သတ် ရောင်းချပေးနေတယ်လို့လည်း သိရပါတယ်။

အထက်ပါ ယာဉ်မောင်းရဲ့ ပြောပြချက်အရ ပူတာအိုမြို့မှာ ပြေးဆွဲနေတဲ့ ကားဂိတ်(၈)ခုလောက် ရှိပြီး မြစ်ကြီးနား- ပူတာအိုဟာ မိုင်ပေါင်း (၂၀၀) ကျော်ကွာဝေးပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here