မုန်လိုင်ခက်ကို စစ်ကောင်စီက ပေါက်ကွဲမှုကြီးမားသည့်ဗုံးနှင့် လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ဟု HRW ထုတ်ပြန်၊ နိုင်ငံတကာမှ စိတ်ပူနေရုံဖြင့် မရတော့ဘဲ သေချာသည့်အရေးယူမှုများ လုပ်ဆောင်သင့်ဟုဆို

235
Photo- Awng Ja

 

အောက်တိုဘာ၊ ၁၇

ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ဗဟိုဌာနချုပ်အနီးက မုန်လိုင်ခက်စစ်ရှောင်စခန်း တိုက်ခိုက်ခံရပြီးတဲ့နောက် မြင်တွေ့ရတဲ့ အပျက်အစီး ဓာတ်ပုံတွေအရ ပေါက်ကွဲမှုအလွန်ကြီးမားတဲ့ဗုံးနဲ့ လေကြောင်းကနေ ပစ်ချခဲ့တာကြောင့် ဖြစ်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ဒီနေ့ထုတ်ပြန်လိုက်ပါတယ်။

ဒါပေမဲ့ လေကြောင်းကနေ စစ်တပ်က ဘယ်လိုပစ်ချပြီး တိုက်ခိုက်ခဲ့သလဲဆိုတာကိုတော့ အသေးစိတ်မထုတ်ပြန်ထားပါဘူး။

HRW ရဲ့ မြန်မာသုတေသီ မန်နီမောင်ကတော့ “မြန်မာစစ်တပ်ဟာ နေရပ်စွန့်ခွာတဲ့ပြည်သူတွေကို တရားလက်လွတ် ဒါမှမဟုတ် မဆင်မခြင် အကြိမ်ကြိမ် တိုက်ခိုက်နေတယ်” လို့ ပြောပါတယ်။

ဒါ့ကြောင့် နိုင်ငံတကာအနေနဲ့ ပြည်သူတွေအပေါ် စိတ်ပူရုံပဲမဟုတ်ဘဲ စစ်တပ်က အဲဒီလိုတိုက်ခိုက်မှုမျိုးတွေ နောက်ထပ်မလုပ်နိုင်အောင် သေချာတဲ့အရေးယူတာမျိုးတွေ လုပ်ဆောင်သင့်တယ်လို့လည်း မန်နီမောင်က ပြောပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ ၁၃ ရက်နေ့ကလည်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ လက်နက်ကျွမ်းကျင်သူတွေရဲ့ပြောဆိုချက်ကို ကိုးကားပြီး မြန်မာစစ်တပ်ဟာ ပေါက်ကွဲမှုပြင်းထန်လွန်းတဲ့ ပဲ့ထိန်းမပါတဲ့ဗုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါသေးတယ်။

ဘယ်လက်နက်အမျိုးအစားနဲ့ ပစ်တယ်ဆိုတာကို KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူဆီ ဒီကနေ့မေးမြန်းရာမှာတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ မြစ်ကြီးနားသတင်းဂျာနယ်ကို ဖြေကြားပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့ညပိုင်းက စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် မုန်လိုင်ခက်စစ်ရှောင်စခန်းက ပြည်သူ ၂၉ ဦးသေဆုံးခဲ့ပြီး အဲဒီထဲမှာ အသက် ၁၆ နှစ်အောက် ကလေးငယ် ၁၁ ဦးပါဝင်ခဲ့ပြီးတော့ ဒဏ်ရာရရှိသူ ၆၀ ဝန်းကျင်ရှိခဲ့ပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here