ရေကြီးရေလျှံ ဖြစ်ပွားပြီးတဲ့နောက် တနိုင်းမြို့မှာ ကုန်ဈေးနဲ့စက်သုံးဆီဈေးတွေ တဖြည်းဖြည်းမြင့်တက်

157

 

ဩဂုတ်၊ ၆

ကချင်ပြည်နယ်၊ ဟူးကောင်းဒေသ တနိုင်းမြို့မှာ ကုန်ဈေးနှုန်းနဲ့ စက်သုံးဆီဈေးတွေ မြင့်တက်လာနေတယ်လို့ အဆက်အသွယ်ရရှိတဲ့ တနိုင်းဒေသခံတွေထံက ကြားသိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက ရေကြီးမှုဖြစ်ပွားပြီးတဲ့နောက်ကနေ ကုန်ဈေးနဲ့ စက်သုံးဆီဈေးတွေဟာ တဖြည်းဖြည်း မြင့်တက်လာတာဖြစ်ပြီး စက်သုံးဆီတွေလည်း နဂိုကထက် ဈေးမြင့်တက် သွားပြီလို့ တနိုင်းမြို့ခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

ကုန်ဈေးနှုန်းတွေက တစ်နေ့ထက်တစ်နေ့တက်လာတာပေါ့။ ဆီက နောက်ကို ပိုတောင်ဈေးကြီး လာလောက်တယ်။ဆိုင်တချို့မှာက ရလိုက် မရလိုက်နဲ့ဟုတ်တယ်။ လို့ ဆိုပါတယ်။

လတ်တလော တနိုင်းမြို့မှာ ဓာတ်ဆီတစ်ဂါလံကို ကျပ်သုံးသောင်းကျော် ဈေးပေါက်နေတာဖြစ်ပြီး လက်လီဆိုင်သေးတွေမှာတော့ ဓာတ်ဆီ တစ်လီတာရှိတဲ့ ရေသန့်ဘူး တစ်ဘူးကို ကျပ်တစ်သောင်းကနေ တစ်သောင်းကျော် ဈေးရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် တနိုင်းမြို့မှာ ဆန်တစ်အိတ်ကို အနည်းဆုံး တစ်သိန်းနဲ့အထက် ရှိတယ်လို့လည်း ဆိုပါတယ်။

လတ်တလောမှာတော့ မြစ်ကြီးနား- တနိုင်းလမ်းမှာ လမ်းပျက်တာတွေ ရှိတာကြောင့် တနိုင်းကနေ မြစ်ကြီးနားအသွားကို နမ္မတီးမှာ ညအိပ်ရတယ်လို့လည်း ကြားသိရပါတယ်။

စက်သုံးဆီကားတွေ အဝင်မရှိတာမဟုတ်ဘဲ ဝင်လာရင်လည်း ဈေးကောင်းပိုရတဲ့ မှော်ဒေသဘက် အဝင်များတဲ့အတွက် မြို့အတွင်းမှာ သိပ်မရနိုင်တာလို့လည်း ဒေသခံက သုံးသပ် ပြောဆိုပါတယ်။

ဒါ့အပြင် ဖြတ်သန်းသွားလာတဲ့ လမ်းတစ်လျှောက်မှာ အကောက်အခွန်များသလို လမ်းမှာလည်း စက်သုံးဆီကားတွေကို ဖြတ်ခွင့်မပေးတာမျိုးတွေ ရှိတတ်တယ်လို့ ဒေသခံရဲ့ ပြောပြချက်အရ သိရပါတယ်။

လတ်တလောမှာတော့ တနိုင်းမြို့မှာလည်း ကချင်က တခြားမြို့တွေနဲ့နည်းတူ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာဖြစ်ပြီး အဆက်အသွယ်ရရှိဖို့ ခက်ခဲနေတာဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here